October 23, 2024

၂၆. ၁. ၂၀၂၃
Written by Nay Aung

စီးပွားရေးပညာရှင်တစ်ဦးဖြစ်သူ ရှောင်တာနယ်လ်၏ လွတ်ငြိမ်းချမ်းသာခွင့်ကို ဖျက်သိမ်းပြီး မြန်မာနိုင်ငံရှိတရားရုံးတွင် အမှုရင်ဆိုင်ရန်ဆင့်ခေါ်မှုများအပေါ်  စိုးရိမ်မိကြောင်း သြစတြေးလျအစိုးရက ထုတ်ဖော်ပြောဆိုလိုက်သည်။

နစကသည် စီးပွားရေးပါမောက္ခတစ်ဦးဖြစ်သော ရှောင်တာနယ်လ်၏ လွတ်ငြိမ်းချမ်းသာခွင့်ကို ပယ်ဖျက်ခဲ့သလို တရားရုံးတွင် အမှုရင်ဆိုင်ရန်ဆင့်ခေါ်မှုများရှိနေခဲ့ကြောင်း သြစတြေးလျအခြေစိုက်သတင်းများတွင် ဖော်ပြထားသည်။

Macquarie တက္ကသိုလ်၏ ပါမောက္ခတစ်ဦးဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေးအဖြစ် တာဝန်ယူခဲ့ဖူးသူ ရှောင်တာနယ်လ်သည် မြန်မာနိုင်ငံတွင် အာဏာထိန်းသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် ရက်ပေါင်း ၆၅၀ ကျော်ကြာ အကျဉ်းထောင်ထဲတွင် နေထိုင်ခဲ့ရသူဖြစ်ကြောင်း သိရသည်။

ရှောင်တာနယ်လ်သည် နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေချိုးဖောက်မှုဖြင့် စွဲချက်တင်ခံရပြီး ထောင်ဒဏ် ၃ နှစ် အမိန့်ချမှတ်ခံခဲ့ရသူဖြစ်သော်လည်း ပြီးခဲ့သောနှစ်နိုဝင်ဘာလတွင် နိုင်ငံတော်လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်ခဲ့ပြီး သြစတြေးလျနိုင်ငံကို ပြန်လည်ရောက်ရှိကာ မိသားစုနှင့်အတူ နေထိုင်နေကြောင်းသိရသည်။

ရှောင်တာနယ်လ်သည် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်ခဲ့ပြီးနောက် ၎င်း၏ထောင်အတွင်း အတွေ့ကြုံများကို ပြန်လည်ပြောဆိုခဲ့သည်။ နစက,က ရှောင်တာနယ်လ်သည် မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး မမှန်သတင်းအချက်လက်များကို မျှဝေနေပြီး လွတ်ငြိမ်းချမ်းသာခွင့် သတ်မှတ်ချက်များကို ချိုးဖောက်ခဲ့ကြောင်း ပြောဆိုကာ အဆိုပါလွတ်ငြိမ်းချမ်းသာခွင့်ကို ရုပ်သိမ်းကြောင်း ပြန်လည်ကြေညာခဲ့သည်။

” ရှောင်တာနယ်လ်အပေါ်  ခွင့်ပြုထားတဲ့လွတ်ငြိမ်းချမ်းသာခွင့်ကို ပြန်ရုတ်သိမ်းပြီး မြန်မာနိုင်ငံရှိတရားရုံးမှာ လာရောက်ဖြေရှင်းဖို့ ဆင့်ခေါ်ခံရခြင်းနဲ့ပတ်သက်ကာ အလွန်အမင်းစိုးရိမ်မိပါတယ်။ သြစတြေးလျအစိုးရဟာ ပါမောက္ခရှောင်တာနယ်လ် ထိန်းသိမ်းခံရခြင်းနဲ့ စွဲချက်တင်ခံရခြင်းတွေကိုဘယ်တော့မှ လက်မခံပါဘူး။ ဖမ်းဆီးထိန်းသိမ်းခံရခြင်းကနေ ပြန်လည်လွတ်မြောက်ခဲ့ပြီးနောက် သူ့ကို မြန်မာနိုင်ငံရှိတရားရုံးမှာ လာရောက်ဖြေရှင်းဖို့ တောင်းဆိုခံရခြင်းတွေကို စိတ်ပျက်မိပါတယ်”ဟု သြစတြေးလျနိုင်ငံခြားရေး နှင့်ကုန်သွယ်ရေးဝန်ကြီးဌာန DFAT က ဆိုသည်။

ref- abc.net

Leave a Reply

Your email address will not be published. Required fields are marked *