October 23, 2024

◾️SAC အစိုးရကို ကုလသမဂ္ဂနှင့် နိုင်ငံတကာအစိုးရများ၊ နိုင်ငံတကာ အဖွဲအစည်းများ စုစုပေါင်း ၆၀ ကျော်က ကူညီပံ့ပိုးနေဟု Justice For Myanmar အစီရင်ခံစာ ထုတ်ပြန်

၂၆. ၁. ၂၀၂၃
Written by Nay Moe.

NUG ကို တရားဝင်အဖြစ် အသိအမှတ်ပြုသည့်နိုင်ငံ မရှိသည့်အပြင် မည်သည့်နိုင်ငံကမျှ ကူညီပံ့ပိုးမှုမရှိသေးကြောင်း NUG ယာယီသမ္မတဒူဝါလရှီးလက ဝန်ခံထားသော်လည်း SAC အစိုးရကိုမူ ကုလသမဂ္ဂနှင့် နိုင်ငံတကာအစိုးရများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ အပါအဝင် အဖွဲ့အစည်း စုစုပေါင်း ၆၀ ကျော်က ကူညီပံ့ပိုးနေသည်ဟု Justice For Myanmar က ယနေ့ ထုတ်ပြန်သည့် Developing A Dictatorship အစီရင်ခံစာတွင် ဖော်ပြထားသည်။

SAC ကို နိုင်ငံတကာက ဖယ်ကျဥ်ရန်နှင့် အရေးယူရန် စိုက်လိုက်မတ်တပ်လုပ်ဆောင်နေသည့် Justice For Myanmar ၏ ထုတ်ပြန်ချက်အရ SAC အစိုးရကို နိုင်ငံရေး သို့မဟုတ် ငွေကြေး အထောက်အပံ့ပေးအပ်မှုများတွင် ပါဝင်ပတ်သက် ထောက်ပံ့နေသည့် အဖွဲ့အစည်းများအဖြစ် နိုင်ငံတကာအစိုးရ ၂၂ ခု၊ နိုင်ငံတကာ အစိုးရ အဖွဲ့အစည်း ၂၆ ဖွဲ့ (ကုလသမဂ္ဂအဖွဲ့အစည်း ၁၄ ဖွဲ့ အပါအဝင်)၊ နိုင်ငံတကာငွေရေး ကြေးရေးအဖွဲ့အစည်း ၈ ဖွဲ့နှင့် အခြားနိုင်ငံတကာ အဖွဲ့အစည်း ၈ ဖွဲ့တို့ ပါဝင်သည်ဟု ဖော်ပြထားသည်။

Developing A Dictatorship အစီရင်ခံစာတွင် ဖြစ်ရပ်လေ့လာမှု ၁၈ ခုနှင့် နမူနာဖြစ်စဥ်တော်တော်များများ၏ အသေးစိတ် အချက်အလက်များနှင့် အထောက်အထားများ ပါဝင်သည်ဟုလည်း ဖော်ပြထားသည်ဟု ဆိုသည်။

SAC ကို နိုင်ငံတကာအစိုးရများ အဖွဲ့အစည်းများစွာက ပံ့ပိုးပေးရာတွင် သံတမန်ဆက်ဆံရေးမှတစ်ဆင့် တရားဝင်မှုပေးအပ်သည့် နိုင်ငံရေးဆိုင်ရာပံ့ပိုးမှု၊ SAC နှင့် ပတ်သက်သူများကို အသိပညာများနှင့် ကျွမ်းကျင်မှုများ ပံ့ပိုးမှု၊ SAC အတွက် မဟာဗျုဟာအရ အရေးပါသည့် အခြေခံအဆောက်အဦများအပါအဝင် ဖွံ့ဖြိုးရေးကူညီမှုများပေးအပ်သည့် ဘဏ္ဍာရေးဆိုင်ရာကူညီမှု၊ SAC နှင့် ဆက်နွှယ်လုပ်ငန်းများ၏ ပိုင်ဆိုင်မှုပစ္စည်းများ ငှားရမ်းမှုတို့ဖြင့် ပံ့ပိုးပေးနေကြသည်။

ထို့အပြင် SAC ကို ကုလသမဂ္ဂအဖွဲ့အစည်း ၅ ခုက ယင်းတို့၏ ခန့်အပ်လွှာများပေးအပ်ခြင်းနှင့် သဘောတူစာချုပ်များ လက်မှတ်ရေးထိုးမှု ၁၂ ခု။ အစိုးရများနှင့် ကုလသမဂ္ဂအဖွဲ့အစည်း ၈ ဖွဲ့က SAC အစိုးရကို အစည်းအဝေးများနှင့် အခမ်းအနားများတွင် မြန်မာနိုင်ငံကိုယ်စားပြုတက်ရောက်စေသည့်အဖွဲ့ ၂၇ ဖွဲ့။ SAC ၏ စစ်ရေးပြအခမ်းအနားတက်ရောက်သည့် နိုင်ငံတကာအစိုးရကိုယ်စားလှယ် ၈ ဦးတို့ဖြင့် SAC အစိုးရ၏ တရားဝင်ဖြစ်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးကူညီပေးနေသည်ဟုလည်း Justice For Myanmar က ဖော်ပြထားသည်။

SAC အတွက် နိုင်ငံရေးဆိုင်ရာပံ့ပိုးကူညီမှုများကို တရုတ်နှင့် ရုရှားတို့ထံမှ အဓိကရရှိပြီး ဂျပန်နှင့် အိန္ဒိယသည်လည်း ပုံစံမျိုးစုံနှင့် ပံ့ပိုးနေသည့် အရေးပါသောပံ့ပိုးသူအဖြစ် ထွက်ပေါ်လာကာ သြစတြေးလျနှင့် နော်ဝေတို့သည်ပင် SAC အတွက် အကျိုးအမြတ်ရစေသည့် ပိုင်ဆိုင်မှုငှားရမ်းခြင်းများအတွက် ဒေါ်လာ နှစ်သန်းကျော်အသုံးပြုခဲ့သည်ဟု JFM က အစီရင်ခံသည်။

ထို့အတူ နိုင်ငံတကာအစိုးရနှင့် နိုင်ငံတကာအဖွဲ့အစည်း ၁၂ ဖွဲ့က တပ်မတော်ကို လေ့ကျင့်သင်ကြားမှုဆက်လက်ပေးအပ်နေပြီး နိုင်ငံတကာအစိုးရနှင့် နိုင်ငံတကာအဖွဲ့အစည်း ၁၆ ဖွဲ့က တပ်မတော်ကို ဘဏ္ဍာရေးပံ့ပိုးနေကာ နိုင်ငံတကာအစိုးရနှင့် နိုင်ငံတကာအဖွဲ့အစည်း ၁၁ ဖွဲ့က တပ်မတော်နှင့် ဆက်နွှယ်သည့် ပိုင်ဆိုင်မှုပစ္စည်းများလည်း ငှားရမ်းပေးနေခြင်းဖြင့် SAC ကို အကျိုးအမြတ်ရရှိစေနေသည်ဟုလည်း JFM က အစီရင်ခံသည်။

လက်ရှိအခြေအနေတွင် NUG နှင့် PDF များ EAOs များကို လက်နက်မဟုတ်သောအကူအညီအတွက် အမေရိကန်က ဒေါ်လာသန်းရာဂဏန်းခန့် ကူညီပေးမည်ဟု NDAA 2023 တွင် ပြဌာန်းခဲ့သော်လည်း SAC အတွက် လက်နက်ရရှိရေးလုပ်ငန်းစဥ်များတွင်မူ အမေရိကန်မှ ကုမ္ပဏီကြီးများအပါအဝင် နိုင်ငံပေါင်း ၁၃ နိုင်ငံမှ ကုမ္ပဏီ ၄၅ ခုအထက်က ကူညီပေးနေပြီး အဆိုပါကူညီသည့် နိုင်ငံများတွင် အမေရိကန်အပြင် ပြင်သစ်၊ ဂျာမနီ၊ တရုတ်၊ အိန္ဒိယ၊ ရုရှား၊ စင်ကာပူ စသည့်နိုင်ငံများပါဝင်နေကြောင်းလည်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ယန်ဟီးလီ ဦးဆောင်သည့် မြန်မာ့အရေးအထူးအကြံပေးကောင်စီ(SAC-M) က ဇန်နဝါရီ ၁၆ ရက်တွင် ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *