MT News
၂၆. ၁. ၂၀၂၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်အတွင်းတည်ထားကိုးကွယ်ရန် ဆောင်ရွက်လျက်ရှိသည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား ရတနာပလ္လင်တော်ထက်သို့ စတင်ပင့်ဆောင်ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဗုဒ္ဓဥယျာဉ်တော်အတွင်း၌ ကျင်းပ ပြုလုပ်သည်။
အဆိုပါ မင်္ဂလာအခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသနှင့် သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များ၏ အဓိပတိ၊ ရွှေကျင်နိကာယ ဥက္ကဋ္ဌ ရွှေကျင်သာသနာပိုင် သီတဂူဆရာတော်ဘုရားကြီး ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှအပါအဝင် ပြည်ထောင်စုအဆင့်မှ နိုင်ငံတော်တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြည်ညိုကြသည်။
ဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး မာရဝိဇယ ဗုဒ္ဓပူဇာဘွဲ့သီချင်းဖြင့် သီကျူးပူဇော်၍ မင်္ဂလာငွေခရု၊ အောင်စည် အောင်မောင်းတို့ကို အောင်ကြောင်းမင်္ဂလာအဖြစ် သုံးကြိမ် တီးခတ်ပူဇော်ကြသည်။ ယင်းနောက် ဆရာတော်ကြီးများ အမှူးပြု၍ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ရတနာ ပလ္လင်တော်အနီးရှိ သတ်မှတ်နေရာများတွင် နေရာယူကြပြီး ရတနာပလ္လင်တော် အထောက်အကူပြု သံမဏိစင်၊ ဆင်းတုတော် ထည့်သွင်းထားသည့် သံမဏိပန်းတောင်း၊ ဆင်းတုတော်အား ရတနာပလ္လင်တော်ထက်သို့ ပင့်ဆောင်ပူဇော်မည့် သံမဏိမျှော်စင်ကရိန်းနေရာ (၄) ခုတို့အား ပရိတ်နံ့သာရည်များ ပက်ဖျန်းပူဇော်၍ သိဒ္ဓိမင်္ဂလာ ဆင်ယင်သည်။
ထို့နောက် အခမ်းအနားမှူးက မင်္ဂလာအခါတော်စာတမ်းကို ဖတ်ကြားပြီး မင်္ဂလာအချိန်တော်တွင် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရတနာပလ္လင်တော်ထက်သို့ စက်ခလုပ်နှိပ်၍ မင်္ဂလာစက်ယန္တရားများဖြင့် စတင်ပင့်ဆောင်ပူဇော်သည်။ ထို့နောက် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရတနာပလ္လင်တော်ထက်သို့ ပင့်ဆောင်ခြင်းလုပ်ငန်းများကို လုပ်ငန်းစဉ်အလိုက် ဆက်လက်ဆောင်ရွက်ရာ သံဃာတော်အရှင်သူမြတ်များ ဦးဆောင်၍ “ဇယန္တော ဗောဓိယာ မူလေ” အစချီသည့် ဇယ မင်္ဂလာ အောင်ဂါထာတော်များကို ရွတ်ဆိုပူဇော်ကြသည်။
မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား ရတနာပလ္လင်တော်ထက်သို့ စတင်ပင့်ဆောင်ပူဇော်ရာတွင် ရတနာပလ္လင်တော်သည် အမြင့် ၁၈ ပေ၊ အလျား ၇၂ ပေ၊ အနံ ၅၄ ပေရှိကာ ယနေ့ပင့်ဆောင်သည့် ဆင်းတုတော်အပိုင်း (၁/၂/၃)တို့ကိုတွဲဆက်ထားသည့် ဆင်းတုတော်အစိတ်အပိုင်းကြီး၏ စုစုပေါင်းအလေးချိန်မှာ ၁၇၀၀ တန်ဖြစ်သည်။ အဆိုပါ ဆင်းတုတော်အစိတ်အပိုင်းကြီးအား သံမဏိမျှော်စင် ဝန်ချီစက် အသုံးပြု၍ ရတနာပလ္လင်တော်ပေါ်သို့ စတင်ပင့်ဆောင်ခြင်းဖြစ်ပြီး ရတနာပလ္လင်တော်ပေါ်သို့ရောက်ရှိရန် ပင့်ဆောင်ချိန် ၇၂ နာရီခန့် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ “မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓ သာသနာတော် ခိုင်မာစွာ ထွန်းလင်းတောက်ပနေမှုကို ကမ္ဘာသို့ပြသရန်၊ တိုင်းပြည်အေးချမ်းသာယာမှုရှိစေရန်၊ ရုပ်ပွားတော်မြတ်ကြီးထံ ပြည်တွင်းပြည်ပဘုရားဖူးများ လာရောက်ခြင်းဖြင့် ဒေသတိုးတက်စည်ကားမှုဖြစ်စေရန်၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုအထောက်အကူဖြစ်စေရန် စသည့် ရည်ရွယ်ချက် ၄ ရပ်ဖြင့် တည်ထားကိုးကွယ်ရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ရတနာပလ္လင်တော်ထက် ဗဟိုမဏ္ဍိုင်ဌာနတွင် ဌာပနာတော် သွင်းလှူပူဇော်ခြင်း အခမ်းအနားကို ဇန်နဝါရီ ၂၇ ရက် နံနက် ၈ နာရီတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။