၂၆. ၁. ၂၀၂၃
Written by Ye Kyaw
အကြီးစားအဂတိလိုက်စားမှုများ (Grand Corruption)သည် နိုင်ငံရေးဩဇာရှိသူများနှင့် လုပ်ပိုင်ခွင့်ရှိသူ အရာရှိကြီးများတွင် ဖြစ်လေ့ဖြစ်ထရှိကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးသန်းဆွေက ဇန်နဝါရီ ၂၅ ရက်က ကရင်ပြည်နယ်အစိုးအရအဖွဲ့တွင် ပြုလုပ်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲ၌ ပြောကြားခဲ့သည်။
“အကြီးစားအဂတိလိုက်စားမှု (Grand Corruption)ဟာ နိုင်ငံရေးဩဇာအာဏာနဲ့ လုပ်ပိုင်ခွင့်ရှိသူ အရာရှိကြီးများတွင် လည်းကောင်း၊ အသေးစားအဂတိလိုက်စားမှု (Petty Corruption) များမှာ ပြည်သူလူထုကို ဝန်ဆောင်မှုပေးရာတွင် ထိတွေ့ဆောင်ရွက်ရတဲ့ နိုင်ငံ့ဝန်ထမ်းနဲ့ ပြည်သူဝန်ထမ်းများတွင်လည်းကောင်း ဖြစ်လေ့ဖြစ်ထရှိတယ်” ဟု ဦးသန်းဆွေက ပြောသည်။
ဝန်ဆောင်မှုရယူရသည့် ပြည်သူလူထုအရေအတွက် အလွန်ကြီးမားသည့် ပမာဏဖြစ်၍ ဖြစ်ရိုးဖြစ်စဥ်စနစ် (Systemic Corruption) တစ်ခုကဲ့သို့ ဖြစ်လာသည့်အခါ နိုင်ငံတော်အုပ်ချုပ်မှုယန္တရားကို ထိခိုက်ပျက်စီးပြီး ဆိုးဝါးသည့် အကျိုးဆက်များဖြစ်ပေါ်လာနိုင်သဖြင့် ဝိုင်းဝန်းတားဆီးကာကွယ်ရန် အထူးလိုအပ်ကြောင်း ဦးသန်းဆွေက ပြောသည်။
ကော်မရှင်အနေဖြင့် အသိပညာပေးခြင်းနှင့် တာဆီးကာကွယ်ခြင်း၊ စုံးစမ်းစစ်ဆေး ဖော်ထုတ်အရေးယူခြင်း၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်း စသည့် မဟာဗျူဟာ ရည်မှန်းချက်များကို အဓိကအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
၂၀၁၉ ခုနှစ်မှ ၂၀၂၂ ခုနှစ် စက်တင်ဘာလအထိ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများတွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU) (၃၈) ဖွဲ့၊ ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ရုံးများ၌ (၁၄) ဖွဲ တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့ကြောင်း သိရသည်။
CPU များဖွဲ့စည်းသည့် ရည်ရွယ်ချက်မှာ အသေးစားအဂတိလိုက်စားမှုများ လျော့နည်းကျဆင်းစေရန်နှင့် နိုင်ငံသူနိုင်ငံသားများ၏ လိုအပ်ချက်များကို ဝန်ဆောင်မှုပေးရာ၌ ပြည့်စုံကောင်းမွန်စေရန် အဓိကဖြစ်ကြောင်း ဦးသန်းဆွေက ပြောသည်။