၂၆. ၁. ၂၀၂၃
translated by Htwe Ko Tun
ဂျာမနီနှင့် အမေရိကန် အစိုးရများက ယူကရိန်းသို့ တိုက်ပွဲဝင်တင့်ကားများ ပေးပို့မည်ဟု ဇန်နဝါရီ ၂၅ ရက်တွင် ကြေညာခဲ့ကြရာ အနောက်အုပ်စုနိုင်ငံများအကြား ဂျာမနီအစိုးရ၏ တုံဆိုင်းနေမှုကြောင့် မပြေမလည်ဖြစ်နေခဲ့သော ကိစ္စတစ်ရပ် အဆုံးသတ်သွားပြီဖြစ်သည်။
ဂျာမနီအစိုးရက ၎င်း၏ Leopard 2 A6 တင့်ကား ၁၄ စီးကို ယူကရိန်းသို့ပေးပို့ရန် သဘောတူခဲ့ပြီးနောက်တွင် အမေရိကန်အစိုးရကလည်း ၎င်း၏တင့်ကားများအလားတူပေးပို့ရန် သဘောတူခဲ့ခြင်းဖြစ်သည်။ မူလက အမေရိကန်အစိုးရအနေနှင့်လည်း ၎င်း၏ M1 Abrams တင့်ကားများ မပေးပို့ဘဲနှင့် ဂျာမနီအနေဖြင့် ယူကရိန်းသို့ Leopard 2 တင့်ကားများ မပေးပို့လိုဟု ဂျာမနီအစိုးရက ငြင်းဆိုထားခဲ့ခြင်းဖြစ်သည်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကလည်း အမေရိကန်ထုတ် M1 Abrams တင့်ကားများမှာ ယူကရိန်းတပ်ဖွဲ့များအနေနှင့် ကိုင်တွယ်ထိန်းသိမ်းရန် ခက်ခဲမည်ဟုပြောကြားကာ ယူကရိန်းသို့ပေးပို့ရန် လအတန်ကြာငြင်းဆိုနေခဲ့ရာမှ သဘောတူခဲ့ခြင်းဖြစ်သည်။ အမေရိကန်အနေနှင့် M1 Abrams တင့်ကား ၃၁ စီးပေးပို့သွားမည်ဟု ဂျိုးဘိုင်ဒင်က ပြောခဲ့သည်။
ဂျိုးဘိုင်ဒင်က ဥရောပမဟာမိတ်များသည် ယူကရိန်းအား တင့်ကားတပ်ရင်းနှစ်ရင်း စီးရေအားဖြင့် ၆၂ စီးပေးပို့ရန် သဘောတူခဲ့ကြကြောင်းလည်း ပြောခဲ့သည်။ ၎င်းက မကြာမီအချိန်အတွင်း တွေ့ကြုံလာရနိုင်သည့် ရုရှား၏ စစ်မြေပြင်နည်းဗျူဟာများနှင့် မဟာဗျူဟာတို့ကိုတုံ့ပြန်နိုင်ရန် ယူကရိန်းတပ်ဖွဲ့များသို့ တင့်ကားများပေးပို့ရခြင်းဟု ပြောခဲ့သည်။
ဂျာမနီနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ် ဆာဂျီနီခါရက်ဗ်က ဂျာမနီအစိုးရ၏ဆုံးဖြတ်ချက်သည် အလွန်အန္တရာယ်ကြီးမားကြောင်းနှင့် ထိုဆုံးဖြတ်ချက်က ပဋိပက္ခအား ပိုမိုပြင်းထန်သည့် ထိပ်တိုက်ရင်ဆိုင်မှုအဆင့်တစ်ရပ်သို့ ရောက်စေမည်ဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။
Ref-AP