၂၆. ၁. ၂၀၂၃
Written by Nyein Kyaw
YBS ယာဥ်မောင်းများ မီးနီဖြတ်မောင်းခြင်းကို လုံးဝ ခွင့်လွှတ်မည်မဟုတ်ဘဲ သုံးကြိမ်အထက် ဖောက်ဖျက်သူများကို ယာဥ်မောင်းအဖြစ်မှ ထုတ်ပယ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) ဒုတိယဥက္ကဋ္ဌ ဦးချစ်ကိုကိုက ပြောသည်။
YRTC အနေဖြင့် စည်းကမ်းဖောက်ဖျက်သည့် ယာဥ်မောင်းများအား လစဥ်ပုံမှန်သတိပေးဆွေးနွေးမှုများ ဆောင်ရွက်လျက်ရှိပြီး ဇန်နဝါရီ ၂၅ ရက်တွင် အကြီးလေးဆုံးပြစ်မှုဖြစ်သည့် မီးနီဖြတ်မောင်းသည့် YBS ယာဥ်မောင်း ၁၀၀ ကို ခေါ်ယူ အသိပညာပေး ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ရာတွင် ထိုသို့ သတိပေးခဲ့ခြင်းဖြစ်သည်။
“YRTC က မီးနီဖြတ်မောင်းတာကို လုံးဝ ခွင့်လွှတ်မှာမဟုတ်ဘူး။ စောင့်ကြပ်အရေးယူရာမှာ နည်းပညာမြင့် CCTV မှတ်တမ်းများနဲ့ အရေးယူတဲ့အတွက် သက်သေခိုင်လုံစွာနဲ့ အရေးယူနိုင်တယ်။ သုံးကြိမ်အထက် ဆိုးရွားစွာချိုးဖောက်မှုများရှိလာပါက ယာဥ်မောင်းအဖြစ်ကထုတ်ပယ်တဲ့အထိ ထိရောက်စွာ အရေးယူသွားမယ်” ဟု YRTC ဒုတိယဥက္ကဋ္ဌ ဦးချစ်ကိုကိုက ပြောသည်။
YBS ယာဥ်မောင်းများက စည်းကမ်းဖောက်ဖျက်၍ မီးနီကို ဖြတ်မောင်းကြသည့်အချိန်တွင် အခြားတစ်ဖက်က မီးစိမ်းဖြတ်၍ လမ်းမှန်အတိုင်းလာသည့် အပြစ်မဲ့ပြည်သူများနှင့် ယာဥ်ပေါ်တွင်ပါရှိသည့် ခရီးသည်များနှင့် တိုက်နိုင်ခြေအများဆုံးဖြစ်သည့် ဘယ်ဘက်ခြမ်းတွင်ရှိသည့် ယာဥ်များပါ သေကြေထိခိုက်နိုင်သည့်အတွက် မီးနီဖြတ်မမောင်းကြရန် ဦးချစ်ကိုကိုက သတိပေးသည်။
YBS ယာဥ်များသည် မီးပွိင့် မီးဝါသည်နှင့် ယာဥ်များ ရပ်နားပေးကြရမည်ဖြစ်ကြောင်း၊ လောဘကြောင့် လုယက်မောင်းနှင်ခြင်း၊ ဒေါသကြောင့် ထိခိုက်ဒဏ်ရာရ သေဆုံးခြင်းများဖြစ်ခဲ့သည့် ယာဥ်တိုက်မှုများကို သင်ခန်းစာယူ၍ ယာဥ်မောင်းများအနေဖြင့် စည်းကမ်းများ လိုက်နာရန် ဆွေးနွေးခဲ့သည်။
YBS စနစ်၏ အဓိကမောင်းနှင်အားဖြစ်သည့် ယာဥ်မောင်းတစ်ဦးက နေ့စဥ် YBS ကို အမှီပြု၍ သွားလာလှုပ်ရှားနေရသည့် ခရီးသွားဦးရေ ၄၀၀ မှ ၄၇၀ ခန့်ကို တာဝန်ယူ၍ လိုရာခရီးသို့ ပို့ဆောင်နေရသည့်အတွက် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းများအား လိုက်နာဆောင်ရွက်ရမည့်ပုဂ္ဂိုလ်များဖြစ်ကြောင်း ဦးချစ်ကိုကိုက ဆက်လက်ပြောသည်။