October 23, 2024

၂၅. ၁. ၂၀၂၃
Written By Thandar

ခေတ်လူငယ်တွေက မြန်မာသံ‌တေးသီချင်းတွေကို သီဆိုရာမှာ ထပ်ကွန့်ပြီး မဆွဲသင့်တဲ့နေရာတွေအတင်းဆွဲ၊ မဝိုက်သင့်တဲ့နေရာတွေအတင်းဝိုက်တော့ သီချင်းပျက်တာ‌ပေါ့လို့ ဝါရင့်ဂီတတေးသံရှင် (ဦး)သန်းထွန်းလေးက MT News Entertainment ကို ပြောပါတယ်။

“သီချင်းတစ်ပုဒ်သီဆိုတဲ့အခါ တေးရေးဆရာရဲ့ရည်ညွှန်းချက်၊ မျှော်လင့်ချက်၊ ဖန်တီးမှုတွေအားလုံးက သူ့ရဲ့ဦးနှောက်ထဲကလာတာ။ အဆိုတော်တစ်ယောက်ကအသံကောင်းယုံ၊ အဆိုကောင်းယုံပဲရှိတယ်။ ဒီစာသားဖွဲ့ နွဲ့ပုံ၊ အယူအဆ အကွေ့အဝိုက်ကိုမသိဘူး။ ဒီသီချင်းကို ဒီလိုဆိုပေးပါဆိုတာ တေးရေးဆရာကပြောမှ ကျွန်တော်တို့က ဆိုရတာပါ။ ဒါပေမယ့် ကိုယ်ကကွန့်ချင်တယ်ဆိုရင် ဆရာရေ ကျွန်တော်ဒီနေရာမှာ ဒီလိုလေးဝိုက်လိုက်ချင်တယ်။ ဒီလိုလေးကွန့်လိုက်ချင်တယ်။ ဒီလိုလေး အော်လိုက်ချင်တယ်။ အဲဒါလေးအဆင်ပြေမလားလို ဆရာနဲ့ညှိရတယ်။ ဒါဖြင့်ဆိုစမ်း ငါနားထောင်မယ် အဆင်ပြေတယ်၊ ရတယ်ဆိုမှ သူလက်ခံမှ ကျွန်တော်ဆိုလို့ရတာပါ”လို ဝါရင့်တေးသံရှင် သန်းထွန်းလေးက ဆိုပါတယ်။

သန်းထွန်းလေးဟာ အသက် ၉ နှစ်အရွယ်ကတည်းက ဂီတလောကမှာ ဂီတသီဆိုမှုပညာရပ်တွေကို သင်ယူလေ့လာပြီးတော့ အသက် ၁၂ နှစ်အရွယ်ကစပြီး မြန်မာအသံ ဓာတ်ပြားရ အဆိုတော်အနေနဲ့ ” မမေ့သောအညာ၊ မွေးဌာနီ ၊ မမ ပုသိမ်သူ” စတဲ့ သီချင်းတွေ သီဆိုခဲ့သူလည်း ဖြစ်ပါတယ်။ လက်ရှိ အသက် ၇၅နှစ်ပြည့်ပြီးခဲ့တဲ့ သူကတော့ ဂီတသက်တမ်း နှစ်ပေါင်း(၆၀)ကျော်ရှိပြီး ယနေ့ထိတိုင် ပရိသတ်အားပေးချစ်ခင်မှုရရှိနေတဲ့ နိုင်ငံကျော်အဆိုတော် တစ်ယောက်ဖြစ်ပါတယ်။

“ကျွန်တော်ဆိုလိုရတာ အခုခေတ်လူငယ်တွေ မြန်မာသံသီချင်းဆိုနေတာပဲ။ ကျွန်တော်တို့ ရှေးကလူတွေက သံစဉ်စာသားကို မှန်မှန် ဒီအတိုင်းလေးဆိုတာပဲ။ ဒါပေမယ့် သူတို့က ထပ်ကွန့်ပြီးတော့ မဆွဲသင့်တဲ့နေရာတွေအတင်းဆွဲ၊ မဝိုက်သင့်တဲ့နေရာတွေအတင်းဝိုက်တော့ သီချင်းပျက်တာပေါ့။ ဒါတွေဟာမလုပ်သင့်ဘူး။ ပညာတော့ပြကြပါ။ ပညာပြပါ။ ကိုယ့်တိုင်ရေးပြီး ကိုယ်တိုင်ဆို။ အဲဒီလိုသီချင်းမျိုးကို ပညာပြ အရမ်းကောင်းတယ် “လို့ သူကဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *