October 23, 2024

MT News

ယခုလာမည့် ၂၀၂၃ -၂၀၂၄ ပညာသင်နှစ်မှစတင်၍ ကျောင်းသား၊ ကျောင်းသူများ အလယ်တန်းဆင့် (Grade 9) ပြီးမြောက်အောင်မြင်ပါက စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး ပညာရပ်များကို သင်ယူလေ့ကျင့်ခွင့် ရရှိနိုင်ရေးအတွက် ခရိုင် ၅၀ အတွင်းမှ မြို့နယ်များရှိ အခြေခံပညာအထက်တန်းကျောင်း ၅၀ တွင် တွဲဖက်ဖွင့်လှစ်နိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အခြေခံပညာအလယ်တန်းဆင့်(Grade 9) ပြီးမြောက် အောင်မြင်သူ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ပညာသင်ယူလေ့ကျင့်နိုင်မည့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်းများ ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၂၅ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၌ ကျင်းပခဲ့သည်ဟု သိရသည်။

အစည်းအဝေးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများအပါအဝင်တာဝန်ရှိသူများက စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကျောင်း စီမံအုပ်ချုပ်မှုကိစ္စရပ်များ တာဝန်ခွဲဝေခြင်း၊ သင်ရိုးညွှန်းတမ်းများ ရေးဆွဲသတ်မှတ်ခြင်း၊ ပုံနှိပ်စာအုပ်များ ရိုက်နှိပ်ခြင်း၊ သင်ကြားမည့် ဆရာဆရာမများ သတ်မှတ်ခြင်း၊ ဘာသာရပ်များ ခွဲဝေသတ်မှတ်ခြင်း၊ ပရိဘောဂနှင့် သင်ထောက်ကူပစ္စည်းများ ပံ့ပိုးဖြည့်ဆည်းခြင်း၊ သင်ယူမှုရလဒ်များ စစ်ဆေးခြင်း၊ ဘတ်ဂျက်ခွဲဝေ သုံးစွဲဆောင်ရွက်ခြင်းတို့ကို ဆွေးနွေးခဲ့ကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *