October 23, 2024

MT News

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ကျိုက်ထီးရိုးဘုရားဖူးမြှော်ရန် လာရောက်သည့် ဘုရားဖူးမော်တော်ယာဉ်အား PDF က ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်မှုကြောင့် ဘုရားဖူးပြည်သူ ၁ ဦး သေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိမှု ဇန်နဝါရီ ၂၅ရက်နေ့တွင် ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့မှ ဦးသီဟမောင်မောင် မောင်းနှင်၍ ဘုရားဖူးခရီးသည် ၁၁ ဦးလိုက်ပါလာသည့် မော်တော်ယာဉ်သည် ဇန်နဝါရီ ၂၅ရက်နေ့ မွန်းလွဲ ၁၁ နာရီ ၄၀ မိနစ်ခန့်တွင် ကျိုက်ထိုမြို့နယ် မုပ္ပလင်ကျေးရွာအနီး ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်ရှိ KP စက်သုံးဆီဆိုင်အနီးသို့ရောက်ရှိစဉ် NUG, CRPH တို့၏ PDF များက ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်ခဲ့သဖြင့် မော်တော်ယာဉ်ခေါင်မိုးပေါ် ဗုံးသီးထိမှန်ခဲ့ကာ ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ဘုရားဖူး အမျိုးသား ၁ ဦး သေဆုံးခဲ့ပြီး အမျိုးသား ၂ ဦး၊ အမျိုးသမီး ၅ ဦးတို့တွင် ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့သည်ဟု သိရသည်။

ကျိုက်ထီးရိုးဘုရားဖူးများအား ပစ်ခတ်တိုက်ခိုက်မှုအဖြစ် ပထမအကြိမ်တွင် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၂ ရက်က မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံ၏ လူယုံဖြစ်သူ ရဲတပ်ဖွဲ့ဝင်ဟောင်း အေးမင်းထွန်းဦးစီးသော KRF (ကျိုက်ထိုတော်လှန်ရေးအင်အားစု) အဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိုတိုက်ခိုက်မှုကြောင့် ဘုရားဖူးအမျိုးသမီးသုံးဦးနှင့် အမျိုးသားတစ်ဦးသေဆုံးကာ ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အဆိုပါဖြစ်စဉ်တွင် ခရီးသွားများကို ပစ်ခတ်တိုက်ခိုက်သည့် KNU, KNLA ၏ မိတ်ဖက် KRF အဖွဲ့နှင့် ပူးပေါင်းပါဝင်သူများကိုစစ်ဆေးအရေးယူမည်ဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက သတင်းမီဒီယာများကို ဖြေဆိုခဲ့သော်လည်း အမှန်တကယ်စစ်ဆေးအရေးယူမှုမရှိခဲ့ခြင်းနှင့် အရေးယူပါကလည်း အသိပေးထုတ်ပြန်မှုမရှိခြင်းကြောင့် ဘုရားဖူးပြည်သူများကို တိုက်ခိုက်မှု ထပ်မံဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ဒဏ်ရာ ရရှိခဲ့သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျိုက်ထိုမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပြီး လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးနေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *