October 23, 2024

၂၆. ၁. ၂၀၂၃

Written by Ye Kyaw

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်ကတည်းက စတင်ကျဆင်းလာသည့် မြန်မာ့အထည်ချုပ်ကဏ္ဍမှာ လက်ရှိတွင် ဂျပန်၊ တရုတ်၊ အီးယူနှင့် အမေရိကန်တို့မှ အော်ဒါမှာယူမှုများလာသဖြင့် ပြန်လည်တိုးတက်လာပြီဖြစ်ကြောင်း အထည်ချုပ်လုပ်ငန်းလုပ်ကိုင်နေသူများထံမှ သိရသည်။

“၂၀၁၉ နဲ့ယှဥ်လိုက်ရင်တော့ ၂၀၂၀ မှာ သူကစကျတာ။ ၂၀၂၁ မှာကျတယ်။ ၂၀၂၂ ခုနှစ်မှာ ပြန်တက်နေတယ်။ ၂၀၁၉ ကိုတော့မမီသေးဘူးပေါ့နော်။ ဒါပေမဲ့ တော်တော်ပြန်တက်လာတယ်” ဟု အထည်ချုပ်လုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက MT News သို့ ပြောသည်။

ယင်းကဲ့သို့ မြန်မာနိုင်ငံ၏ အထည်ချုပ်လုပ်ငန်းများ ပြန်လည်တိုးတက်လာခဲ့ခြင်းသည် ယခင်က အဓိကအော်ဒါမှာယူနေသည့် ဂျပန်၊ အီးယူနိုင်ငံများအပြင် တရုတ်နှင့် အမေရိကန်တို့မှလည်း အော်ဒါမှာယူခဲ့ခြင်းကြောင့်ဟု သိရသည်။

“အရင်တိုင်းပဲ အီးယူ၊ ဂျပန်များလာတယ်။ US၊ အခု တရုတ်တွေလည်း ဝင်လာတယ်။ အော်ဒါအမှာတွေ များလာပါတယ်” ဟု ၎င်းက ပြောသည်။

ထို့ပြင် တချို့သော ဥရောပကုမ္ပဏီကြီးများ အော်ဒါမှာယူမှုရပ်သွားသည့် မြန်မာနိုင်ငံ၏ အထည်ချုပ်ကဏ္ဍသို့ ဥရောပနိုင်ငံများမှပင် အလတ်စားနှင့်အသေးစားကုမ္ပဏီများ၏ အော်ဒါမှာယူမှု ပြန်လည်မြင့်တက်လာကြောင်း ပြည်တွင်းအထည်ချုပ်လုပ်ငန်း လုပ်ကိုင်နေသူများထံမှ သိရသည်။

လက်ရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ဒီဇင်ဘာလကုန်အထိ ကိုးလတွင် မြန်မာနိုင်ငံမှ ပြည်ပသို့ အထည်ချုပ် (ချုပ်ပြီးအထည်) တင်ပို့မှုမှ ဒေါ်လာလေးဘီလျံကျော် ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *