November 21, 2024

ထိုင်းနိုင်ငံရှိ တိုက်ခန်းတစ်ခုတွင် ဒဏ်ရာများဖြင့် သေဆုံးနေသော မြန်မာ သားအမိနှစ်ယောက်ကို တွေ့ရှိ၊ ပျောက်ဆုံးနေသည့် ခင်ပွန်းဖြစ်သူကို တရားခံအဖြစ် ရဲက သတ်မှတ်ထား

၁၁. ၄. ၂၀၂၃
Written by Pan Ei

ထိုင်းနိုင်ငံ၊ လန်ဖွန်ပြည်နယ် မြောက်ပိုင်းရှိ မူအန်ခရိုင်တွင် ငှားရမ်းထားသည့် အခန်းတစ်ခုတွင် မြန်မာနိုင်ငံသား အမျိုးသမီးတစ်ဦးနှင့် သူမ၏ ရှစ်နှစ်အရွယ် သားငယ်တို့ကို ရိုက်နှက်ခံထားရသည့် ဒဏ်ရာများနှင့် သေဆုံးနေသည်ကို ဧပြီ ၁၀ ရက်(တနင်္လာနေ့)က တွေ့ရှိခဲ့ပြီး ပျောက်ဆုံးနေသော ခင်ပွန်းဖြစ်သူအား ရဲတပ်ဖွဲက တရားခံအဖြစ် သတ်မှတ်ခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

သေဆုံးသူ သားအမိနှစ်ဦးစလုံးသည် ဒဏ်ရာအများအပြားရရှိခဲ့ပြီး ဦးခေါင်းနှင့် ခန္ဓာကိုယ်တို့တွင် ရိုက်နှက်ခံရသည့် ဒဏ်ရာများရှိကာ ကုတင်ပေါ်တွင် သေဆုံးနေသည်ကို တွေ့ရှိခဲ့ပြီး အလောင်းများအနီး သွေးစွန်းနေသော တူတစ်ခုကို တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲက ပြောကြားခဲ့သည်။

သံသယရှိသူ အမျိုးသားမှာ အသက် ၃၈ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးဖြစ်ပြီး လွန်ခဲ့သည့် ဇန်နဝါရီလလယ်တွင် သူ၏ ဇနီးနှင့် ဇနီး၏ ယခင်အိမ်ထောင်မှ သားဖြစ်သူနှင့်အတူ တိုက်ခန်းငှားရမ်းနေထိုင်ခဲ့ခြင်းဖြစ်ကာ ၎င်းတို့ ဇနီးမောင်နှံသည် ပဆန်းခရိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် အလုပ် လုပ်ကိုင်ကြကြောင်း သိရသည်။

အဆိုပါ သံသယရှိသူ မြန်မာအမျိုးသားကို လွန်ခဲ့သည့်သောကြာနေ့တွင် ကားဖြင့် မောင်းထွက်သွားသည်ကို နောက်ဆုံးတွေ့ရှိခဲ့ရပြီး ရဲတပ်ဖွဲဝင်များက လိုက်လံရှာဖွေလျှက်ရှိကြောင်း သိရသည်။

Ref; Bangkok Post