၂၅. ၁. ၂၀၂၃
Written by Nyein Kyaw
ပြီးခဲ့သည့် ဇန်နဝါရီ ၂၀ ရက်မှစတင်ပြီး ဂျိုးဖြူရေပြတ်တောက်မှုဖြစ်ခဲ့သည့် ရန်ကုန်က မြို့နယ် ၁၁ ခုတွင် ဇန်နဝါရီ ၂၄ ရက် (မနေ့က) မှစတင်ပြီး ဂျိုးဖြူရေ ပြန်လည်ရရှိလာပြီဖြစ်ကြောင်း သိရသည်။
“အခုတော့လာတယ် နှစ်ရက်ရှိပြီ ဟိုတလောက သုံးရက်ရေပြတ်သွားတယ်။ အခုကပုံမှန်ပြန်ဖြစ်သွားတာ နှစ်ရက်ရှိပြီ မနေ့ကစပြီး ရေပြန်ရတာ” ဟု တာမွေမြို့နယ်၊ ကျောက်မြောင်းတွင် နေထိုင်သူ ကိုဇာနည်မင်းနိုင်က ပြောကြားသည်။
ထို့ပြင် ဂျိုးဖြူရေပြတ်တောက်မှုဖြစ်ခဲ့သည့် အခြားသော မြို့နယ်အားလုံးနီးပါး ရေပြန်လည်ရရှိနေပြီဖြစ်ပြီး လက်ရှိတွင် ပုံမှန်အတိုင်း ပြန်လည်အဆင်ပြေသွားခဲ့ပြီဖြစ်ကြောင်း သိရသည်။
“ရေက မနေ့ကညနေကစပြီးလာတယ်။ အဲ့အရှေ့မှာတုန်းက တော်တော်ဒုက္ခရောက်တယ်။ သူငယ်ချင်းအိမ်ကို ရေသွားချိုးရမယ့်အခြေအနေတွေအထိ ဖြစ်ခဲ့တာ။ ရေသန့် ၂၀ လီတာတစ်ဘူးကို တစ်ထောင်အထိ ပေးဝယ်ခဲ့ရတယ်” ဟု မင်္ဂလာတောင်ညွန်မြို့နယ်တွင် နေထိုင်သူ မနီလာက ပြောကြားသည်။
လှော်ကားရေလှောင်ကန်၏ ၆၆ လက်မ ကွန်ကရစ်ပိုက်ပေါက်ခဲ့သဖြင့် ဇန်နဝါရီ ၂၀ ရက်က စတင်ပြင်ဆင်နေရသည့်အတွက် ရန်ကုန်မြို့ရှိ မရမ်းကုန်၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ အင်းစိန်၊ မင်္ဂလာတောင်ညွန့်၊ မင်္ဂလာဒုံ၊ ရန်ကင်း၊ တာမွေ၊ ပုဇွန်တောင် စသည့် မြို့နယ်များအပါအဝင် မြို့နယ် ၁၁ ခုတွင် ရေပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
ဇန်နဝါရီ ၂၃ ရက်တွင် အချို့မြို့နယ်များတွင် ဂျိုးဖြူရေပြန်လည်ရရှိခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီ ၂၄ ရက် ညနေပိုင်းကစတင်ပြီး ဂျိုးဖြူရေပြတ်တောက်ခဲ့သည့် မြို့နယ်အားလုံးနီးပါး ရေပြန်လည်ရရှိလာခဲ့ခြင်းဖြစ်သည်။