၂၃. ၁. ၂၀၂၃
Written by Ye Kyaw
ယခုလအတွင်း ရောင်းချသွားမည် အိမ်ရာစီမံကိန်းနှစ်ခုအတွက် အိမ်ရာစုဆောင်းငွေ ကျပ်သိန်း ၃၀ ပြည့်မီသူ ၂,၇၈၈ ဦးအနေဖြင့် မိမိလျှောက်ထားလိုသော အိမ်ရာစီမံကိန်းတစ်ခုတည်းကိုသာ စာရင်းပေးကြရန်နှင့် အိမ်ရာစီမံကိန်း နှစ်ခုလုံးကို အမည်စာရင်းပေးသွင်းပါက စာရင်းလက်ခံရေးသွင်းမည် မဟုတ်ကြောင်း မြိုပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ဇန်နဝါရီ ၂၃ ရက်တွင် ကြေညာထားသည်။
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီတွင် ရောင်းချမည့် အောင်မြင့်မိုရ်အိမ်ရာနှင့် သီလဝါအိမ်ရာစီမံကိန်းတို့ရှိ တန်ဖိုးနည်း/တန်ဖိုးသင့် တိုက်ခန်းပေါင်း ၂၀၄ ခန်းကို ရောင်းချသွားမည်ဖြစ်သည်။
ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ် (CHID)တွင် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်နေ့ စာရင်းများအရ စုဆောင်းငွေ ကျပ်သိန်း ၃၀ နှင့်အထက် စုဆောင်းထားရှိသူများ၏ တန်းစီဇယားအမှတ်စဥ် (Seniority) အရ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ စိစစ်၍ ဝယ်ယူခွင့်ပြုမည်ဖြစ်ကြောင်း ဇန်နဝါရီ ၁၈ ရက်တွင် ထုတ်ပြန်ထားပြီးဖြစ်သည်။
သို့သော်လည်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ဝယ်ယူခွင့်လျှောက်ထားမှုကို လက်ခံပြီး ဘဏ်၏ (Seniority) အရ ဝယ်ယူခွင့်ဆုံးဖြတ်သည့် ဇန်နဝါရီ ၂၇ ရက်တွင် အိမ်ရာစုဆောင်းငွေစာရင်းလက်ကျန် ကျပ်သိန်း ၃၀ ပြည့်မီမှုမရှိပါက ဝယ်ယူခွင့်စာရင်းတွင် ထည့်သွင်းစဥ်းစားမည် မဟုတ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။
ဆေက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ပြည့်သူ့အငှားအိမ်ရာစီမံကိန်း အိမ်ခန်းပေါင်း တစ်သောင်းကျော်ကို နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင် ဆောင်ရွက်လျက်ရှိသည်။ စီမံကိန်းပထမအဆင့်အနေဖြင့် အိမ်ခန်းပေါင်း ၅,၀၀၀ ကျော်အား တည်ဆောက်သွားမည်ဖြစ်သည်။
ယခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ရန်ကုန်မြို့တွင် အိမ်ခန်းပေါင်း ၃,၁၀၀ ကျော်၊ မန္တလေးမြို့တွင် အိမ်ခန်းပေါင်း ၁,၄၅၀ ကျော်နှင့် နေပြည်တော်တွင် အိမ်ခန်းပေါင်း ၄၅၀ ခန့် တည်ဆောက်လျက်ရှိကြောင်း သိရသည်။