၂၃. ၁. ၂၀၂၃
Written by Nay Aung
ဘင်္ဂလားဒေ့ရှ်အစိုးရသည် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနယ်စပ်ဒေသ Zero Line တွင် ထပ်မံဖြစ်ပေါ်နေသည့် မတည်ငြိမ်မှုများနှင့်ပတ်သက်ပြီး ကြားဝင်ကူညီပေးရန် တရုတ်နိုင်ငံကို တောင်းဆိုလိုက်ကြောင်းသိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Yao Wen သည် ဇန်နဝါရီ ၂၂ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများဖြစ်သော အမြဲတမ်းအတွင်းဝန် မာဆွတ်ဘင်မိုမန်၊ ရှရီယာအလမ်တို့နှင့် တွေ့ဆုံဆွေးနွေးချိန်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ယင်းကဲ့သို့ တိုက်တွန်းတောင်းဆိုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ဘင်္ဂလားဒေ့ရှ်အစိုးရသည် မြန်မာနိုင်ငံနှင့် နယ်စပ်ဒေသ မတည်ငြိမ်မှုများကို ဆွေးနွေးနိုင်ရန်အတွက် တရုတ်ကို ကူညီပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်မီဒီယာများက ရေးသားဖော်ပြနေသည်။
ရှရီယာ အလမ်က “ကျွန်တော်တို့ဟာ မြန်မာအစိုးရနဲ့ တွေ့ဆုံဆွေးနွေးနိုင်ဖို့ တရုတ်သံအမတ်ကြီးကိုအသေးစိတ် ပြောဆိုခဲ့တယ်။ ကျွန်တော်တို့ဟာ မြန်မာနိုင်ငံရဲ့ဒေသများမှာ ခက်ခဲရှုပ်ထွေးမှုများရှိနေတာကိုလည်း ဆွေးနွေးခဲ့တယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံနယ်စပ်ရှိ Zero Line မှာ လက်နက်ကိုင်အဖွဲ့တွေ ပဋိပက္ခဖြစ်ပွားနေတာ ရှိပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံအနေနဲ့နယ်စပ်ဒေသနဲ့ပတ်သက်ပြီး သတိထား ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့ရရှိတဲ့ သတင်းအချက်များအရဆိုရင် ဘင်္ဂလားဒေ့ရှ်နဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ မြန်မာဘက်ခြမ်းမှာ ပြိုင်ဘက်အုပ်စု နှစ်စုရှိနေတယ်။ ခွဲထွက်ရေးအုပ်စု သို့မဟုတ် လက်နက်ကိုင်အဖွဲ့တွေဟာ နှစ်နိုင်ငံနယ်စပ်ဒေသက Zero Line မှာ ရှိနေတယ်။ အဲဒီအဖွဲ့တွေဟာ ဘင်္ဂလားဒေ့ရှ်နယ်စပ်နဲ့ အလွန်နီးစပ်တဲ့နေရာမှာရှိနေတာဖြစ်တယ်။ ကျွန်တော်တို့ရဲ့ နယ်စပ်ခြားစောင့်တပ်ဖွဲ့ BGB တွေဟာ နယ်စပ်ဒေသကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းကို စိမ့်ဝင်လာခြင်းမရှိအောင် လုပ်ဆောင်မှာဖြစ်ပါတယ်။ တရုတ်သံအမတ်ကြီးအနေနဲ့ နယ်စပ်ဒေသမှာဖြစ်နေတဲ့ မတည်ငြိမ်မှုတွေရပ်တန့်အောင်ကူညီပေးနိုင်မယ်လို့ မျှော်လင့်ထားပါတယ်” ဟုဆိုသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီးက မကြာမီတွင် မြန်မာနိုင်ငံမှ အဆင့်မြင့်အရာရှိကြီးများပါဝင်သောကော်မတီသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့လာရောက်ဖွယ်ရှိနေပြီး ဘင်္ဂါလီဒုက္ခသည်စခန်းများကိုလည်း သွားရောက်ဖွယ်ရှိနေကြောင်း ပြန်လည်ပြောဆိုထားသည်ဟု ရှရီယာ အလမ်က ဘင်္ဂလားဒေ့ရှ် သတင်းထောက်များကို ပြောဆိုခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးကလည်း ” ကျွန်တော်တို့နယ်စပ်ဒေသကို ကာကွယ်သွားမှာပါ။ နယ်ခြားစောင့်တပ်ဖွဲ့တွေကို တပ်လှန့်ထားပါတယ်။ ကျွန်တော်တို့ကတော့ ကိုယ့်ပိုင်နက်ကို ကာကွယ်နေပါတယ်” ဟု ဇန်နဝါရီ ၂၁ရက်က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ယင်းကဲ့သို့ ပြောဆိုထားသည်။
ref- risingbd