၂၀၂၃ ခုနှစ် တရုတ်နှစ်ကူးပွဲတော် အထိမ်းအမှတ် ချစ်ကြည်ရေး ဘတ်စကက်ဘောပြိုင်ပွဲနှင့် တရုတ်ရိုးရာပြပွဲသို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်
MT News
Written by Ye Kyaw
တရုတ်ကုန်သည်များအသင်းချုပ်နှင့် မြန်မာနိုင်ငံ ဘတ်စကက်ဘောအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော ၂၀၂၃ ခုနှစ်၊ တရုတ်နှစ်သစ်ကူးပွဲတော် အထိမ်းအမှတ် ချစ်ကြည်ရေး ဘက်စကက်ပြိုင်ပွဲ အခမ်းအနားနှင့် တရုတ်နှစ်သစ်ကူးပွဲတော်ကို ဇန်နဝါရီ ၂၁ ရက်တွင် အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဘတ်စကက်ဘောပြိုင်ပွဲနှင့် တရုတ်နှစ်သစ်ကူးပွဲတော်သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ကောင်စီအဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)ဥက္ကဋ္ဌနှင့် ကောင်စီအဖွဲ့ဝင်များသည် အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏတွင် ကျင်းပသည့် ဘတ်စကက်ဘောပြိုင်ပွဲနှင့် တရုတ်နှစ်သစ်ကူးပွဲတော်တွင် ခင်းကျင်းပြသထားသည့် တရုတ်ရိုးရာ ယဥ်ကျေးမှု ပန်းချီများ၊ တူရိယာများ၊ တရုတ်နှစ်သစ်ကူးမင်္ဂလာစာလုံးများ ရေးဆွဲထားမှုများကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။
“နှစ်ကူးက မနက်ဖြန်ကနေစပြီး ၁၅ ရက်ပေါ့။ အရင်က တရုတ်တွေမှာ နားရက်မရှိဘူး။ ဒီ ၁၅ ရက်ပဲ ဒီလိုပွဲတွေလုပ်တာ။ နောက်ဆုံးနေ့ကျရင် စက္ကူမီးပုံးလေးတွေလုပ်ကြတယ်။ ဒီက သီတင်းကျွတ်လိုပေါ့။ အဲဒီလိုမျိုးအထိမ်းအမှတ်နဲ့ ဒါတွေကို တရုတ်ယဥ်ကျေးမှုတွေကို ပြထားတာ” ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ကောင်စီအဖွဲ့ဝင်များအပြင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ တရုတ်ကုန်သည်များအသင်းချုပ်မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)မှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။