၂၁. ၁. ၂၀၂၃
Written by Thettant
မုံရွာတွင် ကုန်စုံဆိုင်ပိတ်နေချိန် လူလေးဦးက ဝင်ရောက်လုယက်ပြီး ဓားဖြင့်ခုတ်သဖြင့် ဆိုင်ရှင်မောင်နှံ ဓားခုတ်ခံရကာ အမျိုးသားဖြစ်သူ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ ဇန်နဝါရီ ၂၀ ရက် ည ၇ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်၊ ဗဟိုလမ်းရှိ ချမ်းမြေ့သုခ ကုန်စုံဆိုင်မှ ဆိုင်ပိုင်ရှင်မိသားစု ဆိုင်ပိတ်နေချိန်တွင် လူ ၄ ဦးက ဆိုင်ကယ် ၄ စီးဖြင့် ရောက်ရှိလာပြီး ဓားများဖြင့် ဆိုင်အတွင်းဝင်ရောက်၍ ဓားပြတိုက်တောင်းရမ်းချိန် မပေး၍ ဓားခုတ်မှုဖြစ်ပွားရာ ဆိုင်ပိုင်ရှင်ဖြစ်သူ ကိုစိုးရာဇာနှင့် မခင်ချမ်းမြေ့သိန်းတို့ ဇနီးမောင်နှံအား ဓားများဖြင့်ခုတ်၍ ကိုစိုးရာဇာမှာ ညာဘက်လက်မောင်း ပြတ်ရှဒဏ်ရာ တစ်ချက်၊ နောက်ကျော ပြတ်ရှဒဏ်ရာ နှစ်ချက်၊ ရင်ဘက်ပြတ်ရှဒဏ်ရာ တစ်ချက် ရရှိခဲ့ပြီး မခင်ချမ်းမြေ့သိန်းမှာ ဘယ်ဘက်ပါးနှင့် ဘယ်ဘက်လက်ချောင်း ပြတ်ရှဒဏ်ရာ တစ်ချက် ဓားခုတ်လုယက်ခံခဲ့ရကြောင်း သိရသည်။
အဆိုပါဖြစ်စဥ်မှာ ဓားခုတ်လုယက်ခံရသူ ဇနီးမောင်နှံနှစ်ဦးအား မေတ္တာစေရာ ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ လိုအပ်သည်များ ပြုစုလုပ်ဆောင်ပေး၍ မုံရွာဆေးရုံကြီး OPD သို့ ပို့ဆောင် ကူညီပေးခဲ့သည်ဟု သိရသည်။
“ဆိုင်ပိတ်ချိန် လူပြတ်ချိန်မှာ အပိုင်လာလုတာကနေ အလွယ်တကူမရတော့ ဓားခုတ်လုယက်ကြတာ။ အမျိုးသားကတော့ ဆေးရုံမှာပဲ ကွယ်လွန်သွားရှာတယ်”ဟု မုံရွာဒေသခံတစ်ဦးက ဆိုသည်။
အဆိုပါဖြစ်စဥ်မှ ဓားခုတ်လုယက်သူများ၏ လက်ချက်ကြောင့် ကွယ်လွန်ခဲ့ရသူ ကိုစိုးရာဇာ၏ ရုပ်အလောင်းကို ယနေ့ ဇန်နဝါရီ ၂၁ ရက်တွင် ဆေးရုံကြီးရင်ခွဲရုံမှတစ်ဆင့် နေအိမ်သို့ မေတ္တာစေရာ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ကပင် ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း အသင်း၏ လူမှုအကျိုးပြုလုပ်ငန်းစဥ်အဖြစ် ဖော်ပြထားမှုအရ သိရသည်။