၂၁. ၁. ၂၀၂၃
Written by Ye Kyaw
ခရီးသွားလုပ်ငန်းမြှင့်တင်ရန် ရခိုင်ပြည်နယ်အတွင်းရှိ ငပလီကမ်းခြေသို့ ပြည်တွင်းပြည်ပခရီးသွားများ ပိုမိုလာရောက်စေရန် သံတွဲလေဆိပ်အား အပြည်ပြည်ဆိုင်ရာလေဆိပ်ဖြစ်အောင် အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇန်နဝါရီ ၂၀ ရက်တွင် သံတွဲမြို့နယ်အတွင်းရှိ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များအား တွေ့ဆုံစဥ် ပြောကြားသည်။
“ငပလီလေဆိပ် (သံတွဲလေဆိပ်)အား အပြည်ပြည်ဆိုင်ရာလေဆိပ်အဖြစ် အဆင့်မြှင့်တင်နိုင်မည်ဆိုပါက ခရီးသွားလုပ်ငန်းအတွက် ပိုမိုအထောက်အကူပြုနိုင်သဖြင့် လေဆိပ်အား အဆင့်မြှင့်တင်နိုင်ရေး နိုင်ငံတော်မှစီမံဆောင်ရွက်သွားမည်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
SAC ဥက္ကဋ္ဌနှင့် တွေ့ဆုံစဥ် ဟိုတယ်လုပ်ငန်းရှင်များမှ လေကြောင်းလိုင်းပြေးဆွဲမှုများ နည်းပါးသည့်အတွက် ခရီးသွားဝင်ရောက်မှုများ နည်းပါးလျက်ရှိမှု၊ သံတွဲလေဆိပ်ကို အပြည်ပြည်ဆိုင်ရာလေဆိပ်အဖြစ် တိုးချဲ့တည်ဆောက်နိုင်မည်ဆိုပါက ပြည်တွင်းပြည်ပခရီးသွားများ ပိုမိုဝင်ရောက်လာနိုင်မှု၊ ရန်ကုန်-ငပလီသွား ကားလမ်းအား အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန်လိုအပ်မှုများကို တင်ပြခဲ့သည်။
ထို့ပြင် လျှပ်စစ်ဓာတ်အားလိုအပ်မှု၊ ငပလီဟိုတယ်ဇုံသန့်ရှင်းသာယာလှပရေးအတွက် ဝိုင်းဝန်းဆောင်ရွက်လျက်ရှိမှု၊ ရေလုပ်ငန်းနှင့်ခရီးသွားလုပ်ငန်းတစ်ပြိုင်တည်း ဖွံ့ဖြိုးတိုးတက်စေရေး ရေလုပ်ငန်းဇုန်တစ်ခုကန့်သတ်၍ ဖွင့်လှစ်ပေးရန်လိုအပ်လျက်ရှိမှု၊ ကမ်းခြေသဘာဝအလှအပများ ပျက်ဆီးမှုများမဖြစ်ပေါ်စေရေးအတွက် သဲထုတ်လုပ်မှုများကို ထိန်းသိမ်းကြပ်မတ်ပေးရန်နှင့် နေရာသတ်မှတ်ပေးရန် လိုအပ်မှုအခြေအနေများကို တင်ပြခဲ့ခြင်းဖြစ်သည်။
ငပလီကမ်းခြေသည် သာယာလှပသည့်ကမ်းခြေတစ်ခုဖြစ်ကာ ပြည်ပခရီးသွားဧည့်သည်များကပင် ချီးကျူးနှစ်သက်ရသည့် ကမ်းခြေတစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့၏ရှိပြီးသားဖြစ်သည့် အားသာချက်များကိုအသုံးချပြီး ခရီးသွားဧည့်သည်တို့၏ သဘောသဘာဝကိုသိရှိအောင် ဆောင်ရွက်ကာ ဒေသတွင်းသို့ခရီးသွားများ ပိုမိုဝင်ရောက်စေရေးလုပ်ဆောင်ကြရန်လိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ဓာတ်ပုံ MOI