၂၁. ၁. ၂၀၂၃
Written by Nay Moe
ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ် နန်းဖဲကျေးရွာအနီးရှိ မယ်စလောင်းတောင်ကုန်းပေါ်တွင် အခိုင်အမာတပ်ချထားသော တပ်စခန်းကုန်းအား PDF နှင့် ကရင်နီအဖွဲ့များ ပူးပေါင်းတိုက်ခိုက်ပြီး စခန်းကိုသိမ်းဆည်းနိုင်ခဲ့သည်ဟု KNDF က ယနေ့ကြေညာသည်။
မယ်စလောင်းတောင်စခန်းကုန်းအား ဇန်နဝါရီ ၂၀ ရက် နံနက် ၇ နာရီ မိနစ် ၅၀ အချိန်မှစ၍ Karenni Commando၊ KA၊ KNDF B(15)၊ KNDF B(16)၊ KNDF B (09)၊ Loikaw PDF၊ DMO PDF တို့ပူးပေါင်းကာ ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
နံနက် ၉ နာရီခွဲအချိန်ထိ အပြန်အလှန်ပစ်ခတ်မှုများအပြီး ကရင်နီပူပေါင်းတပ်ဖွဲ့များက မယ်စလောင်းတောင် စခန်းကုန်းအား ချေမှုန်းသိမ်းပိုက်နိုင်ခဲ့ပြီး စခန်းအတွင်းရှိ လခရတပ်ဖွဲ့ဝင်များထဲမှ သေဆုံးနေသော ၅ ဦး၏ ရုပ်အလောင်းများကို ရှင်းလင်းခဲ့ရသလို ကျန်တပ်ဖွဲ့ဝင်များမှာ စခန်းအား စွန့်ခွာသွားခဲ့သည်။
စခန်းသိမ်းတိုက်ပွဲအတွင်း လခရများဘက်မှ တိုက်လေယာဥ်တစ်စီးဖြင့် သုံးကြိမ်တိုင်တိုင် လာရောက်ပစ်ကူပေးခဲ့သလို ဘောလခဲမြို့အခြေစိုက်တပ်များဖက်မှလည်း လက်နက်ကြီးများပစ်ကူပေးခဲ့သော်လည်း အဆိုပါစခန်းကုန်းကို ကရင်နီပူးပေါင်းတပ်များက မီးရှို့ဖျက်ဆီးခဲ့သည်။
စခန်းသိမ်းတိုက်ပွဲအပြီး လခရတပ်ဖွဲ့များ အသုံးပြုခဲ့သော ၆၀ မမ စိန်ပြောင်း နှစ်လက် ၊ RPG တစ်လက် ၊ MA-1 တစ်လက် ၊ MA -2 တစ်လက် ၊ MA-3 တစ်လက် ၊ MA-4 79 တွဲ တစ်လက် ၊ 9mm တစ်လက် ၊ ငါကြင်းမြီး တစ်လက် ၊ စနိုက်ပါ တစ်လက် ၊ မိုင်းများ ၊ ခဲယမ်းကျည်ဆံများ ၊ အခြားအသုံးအဆောင်ပစ္စည်များအား သိမ်းဆည်းရရှိခဲ့သည်။
မယ်စလောင်းတောင်စခန်းကုန်းအား သိမ်းပိုက်သည့် တိုက်ပွဲအတွင်း ကရင်နီတပ်မတော် (KA)မှ ရဲဘော်တစ်ဦး မြင့်မြက်စွာ အသက်ပေးခဲ့ရလို ဘောလခဲမြို့နယ်အတွင်း စစ်ရေးအရအရေးပါ၍ နှစ်ပေါင်းများစွာ အခိုင်အမာတပ်ချကာ ခြေကုပ်ယူထားသော မယ်စလောင်းတောင်စခန်းကုန်းအား ချေမှုန်းသိမ်းပိုက်နေချိန်၌လည်း KA ၊ KNDF B (21) ၊ KNDF B (10) ၊ ဘောလခဲ PDF တို့မှ ဘောလခဲမြို့တွင်းရှိ တပ်မတော်၏ ခြေကုပ်စခန်းအချို့အား ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုကို အတည်မပြုနိုင်ဘဲ ကရင်နီပူးပေါင်းတပ်များဘက်မှ ထိခိုက်မှုတစ်စုံတစ်ရာမရှိဘဲ ဆုပ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။