MT News
Written by Hey Mar
ရန်ကုန် – ပုဂံ အမြန်ရထားကို ဇန်နဝါရီ ၂၃ ရက်မှစ၍ နေ့စဥ်ပြန်လည်ပြေးဆွဲပေးသွားမည် ဖြစ်ပြီး ဇန်နဝါရီ ၂၄ ရက်မှစကာ အစုန်/အဆန် ပြေးဆွဲပေးသွားမည်ဟု မြန်မာ့မီးရထားမှ သိရသည်။
အမှတ်(၆၁) အဆန်အမြန်ရထားသည် ရန်ကုန်ဘူတာမှ ညနေ ၄ နာရီ ၁၅ မိနစ်တွင်ထွက်ခွာပြီး ပုဂံဘူတာသို့ နောက်တစ်နေ့ နေ့လည် ၁၂ နာရီတွင် ရောက်ရှိမည်ဖြစ်ပြီး၊ အမှတ်(၆၂) အစုန်အမြန်ရထားသည် ပုဂံဘူတာမှ ညနေ ၄ နာရီ ၁၅ မိနစ်တွင် ထွက်ခွာပြီး ရန်ကုန်ဘူတာသို့ နောက်တစ်နေ့ နေ့လည် ၁၂ နာရီတွင် ရောက်ရှိမည်ဖြစ်သည်။
လမ်းခရီးတွင် ၂၃ ဘူတာ ရပ်တန့်ပေးမည်ဖြစ်ပြီး ၎င်းဘူတာများမှာ သာယာဝတီ၊ လက်ပံတန်း၊ မင်းလှ၊ အုတ်ဖို၊ ကြို့ပင်ကောက်၊ ဇီးကုန်း၊ နတ္တလင်း၊ ပေါင်းတည်၊ ပုတီးကုန်း၊ သဲကုန်း၊ ဆင်မြီးဆွဲ၊ ရွှေတံခါး၊ အောင်လံ၊ ဆတ်သွား၊ တောင်တွင်းကြီး၊ မြို့သစ်၊ နတ်မောက်၊ လေးအိမ်၊ သာမြှား၊ ပင်းချောင်း၊ ကျောက်ပန်းတောင်း၊ ငါ့မင်းမေး၊ စုတည်ဘူတာတို့ဖြစ်သည်။
အမှတ်(၆၁)အဆန် /(၆၂)အစုန် ရန်ကုန် – ပုဂံ – ရန်ကုန်အမြန်ရထားအား ရိုးရိုးတန်း ၅ တွဲ၊ အထက်တန်းထိုင်ခုံ ၁ တွဲ၊ အထက်တန်းအိပ်စင် ၁ တွဲ၊ ဘရိတ်တွဲ ၁ တွဲတို့ဖြင့် တွဲဆိုင်းဖွဲ့ဆင် ပြေးဆွဲပေးမည်ဟု သိရသည်။
ရထားလက်မှတ်ခများမှာ ရိုးရိုးတန်း ၇၂၀၀ ကျပ်၊ အထက်တန်းထိုင်ခုံ ၁၄၄၀၀ ကျပ်နှင့် အထက်တန်းအိပ်စင် ၁၉၈၀၀ ကျပ်နှင့် ရောင်းမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်ဘူတာကြီးအနေဖြင့် အထက်တန်းလက်မှတ်များကို ၃ ရက်ကြိုတင်၍လည်းကောင်း၊ ရိုးရိုးတန်းလက်မှတ်များကို ၁ ရက်ကြိုတင်၍လည်းကောင်း လက်မှတ်ရုံများတွင် ရောင်းချပေးသွားမည် ဖြစ်သည်။