၂၀. ၁. ၂၀၂၃
Written By Myo Khine
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ (၁၀) ရပ်ကွက်၊ ဦးဝိစာရလမ်းနှင့် ရွှေလီလမ်းထောင့်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာနရုံး ခြံဝင်းအတွင်း အကြမ်းဖက်များက လက်ပစ်ဗုံးဖြင့်ပစ်သွင်းခဲ့ရာ တစ်လုံးပေါက်ကွဲသောကြောင့် မော်တော်ယာဉ်တစ်စီးတွင် ဗုံးစ အနည်းငယ် ထိမှန်ခဲ့ကြောင်း သိရသည်။
ယနေ့ ဇန်နဝါရီ ၂၀ ရက် မွန်းလွဲ ၁ နာရီ ၃၅ မိနစ်ခန့်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်းနှင့် ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးယူဆောင်ရွက်ခဲ့ကြကြောင်းလည်း သိရသည်။
“ပစ်တာက ၂ လုံး။ တစ်လုံးက ကွဲတယ်။ ကားပါကင်ဘက်ကို ပစ်တာ။ ကားတွေနဲ့ဝါးတစ်ပြန်လောက် ကွာတယ်။ အစအနတွေ နည်းနည်းမှန်တယ်။ မပေါက်ကွဲတဲ့ တစ်လုံးကိုတော့ GE တပ်ကနေ သက်မဲ့ လုပ်ရတာပေါ့။ သူတို့ ပစ်တာက ဦးဝိစာရလမ်းဘက်က ပစ်တာ”ဟု သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက MT News သို့ ပြောသည်။