၁၉. ၁. ၂၀၂၃
Written by Tha Doe
မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ်အကြား အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးတက်ရောက်ရန် ထိုင်းဘုရင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီး ယနေ့ ဇန်နဝါရီ ၁၉ ရက်တွင် SAC ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်သည့် မြန်မာ-ထိုင်း တပ်မတော် နှစ်ရပ်အကြား အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး 8th High Level Committee Meeting သို့ တက်ရောက်ရန်အတွက် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် General Chalermphon Srisawasdi ဦးဆောင်သည့် ထိုင်းဘုရင့်တပ်မတော် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ထိုင်းဘုရင့်တပ်မတော် အထူးလေယာဉ်ဖြင့် ရခိုင်ပြည်နယ်၊ သံတွဲလေဆိပ်သို့ ရောက်ရှိကြသည်။
အဆိုပါ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သည့် ထိုင်းဘုရင့် တပ်မတော်အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့အား ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီး များနှင့်ဇနီးများ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းဘုရင့် တပ်မတော်စစ်သံမှူးနှင့် တာဝန်ရှိသူများက လေဆိပ်တွင် ရင်းနှီးနွေးထွေးစွာ ကြိုဆို နှုတ်ဆက်ခဲ့ကြသည်။
ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သည့် အဆင့်မြင့် ကိုယ်စား လှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း 8th High Level Committee Meeting သို့ တက်ရောက်ခြင်း၊ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ရေးအတွက် ဆွေးနွေးဆောင်ရွက်ခြင်း၊ တန်ခိုးကြီးဘုရား များအား ဖူးမြော်ခြင်းနှင့် အထင်ကရနေရာများသို့ သွားရောက်လေ့လာခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ထို့ပြင် ယနေ့ညပိုင်းတွင်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က 8 th HLC အစည်းအဝေးသို့ တက်ရောက်ရန် ရောက်ရှိနေသည့် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ညစာစားပွဲဖြင့် ကြိုဆိုတည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။