၁၉. ၁. ၂၀၂၃
Written by Ye Kyaw
မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရ အမည်ခံဒါရိုက်တာများနှင့် အမည်ခံအစုရှယ်ယာရှင်များကို ခွင့်ပြုမည်မဟုတ်ကြောင်း မှတ်ပုံတင်စာရင်း ရေးသွင်းထားသော လူပုဂ္ဂိုလ်/ဥပဒေဆိုင်ရာပုဂ္ဂိုလ်ကိုသာလျှင် အမှန်တကယ် အကျိုးခံစားခွင့်ရှိသူ ပိုင်ရှင်အဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA)၏ ညွှန်ကြားချက်အမှတ် (၇/၂၀၂၃)ဖြင့် ထုတ်ပြန်ထားသည်။
ယခုအခါ အချို့သောနိုင်ငံများတွင် အမည်ခံအစုရှယ်ယာရှင်များဖြင့် မှတ်ပုံတင်စာရင်းရေးသွင်းခြင်းကို ခွင့်ပြုထားပြီး အကျိုးခံစားခွင့်ရှိသူပိုင်ရှင်ကို သီးခြားဖော်ပြရသော စနစ်မျိုး ကျင့်သုံးဆောင်ရွက်လျက်ရှိသည်။
သို့သော် မြန်မာနိုင်ငံအနေဖြင့် ထိုသို့သော အမည်ခံအစုရှယ်ယာရှင်များအမည်ဖြင့် မှတ်ပုံတင်စာရင်း ရေးသွင်းခြင်းကို ခွင့်မပြုပါကြောင်းနှင့် မှတ်ပုံတင်အရာရှိထံ တင်ပြထားသော၊ ကုမ္ပဏီတွင်ပါဝင်သူများ၏ မှတ်ပုံတင်စာရင်းတွင် မှတ်ပုံတင်စားရင်းရေးသွင်းထားသော လူပုဂ္ဂိုလ်/ဥပဒေဆိုင်ရာပုဂ္ဂိုလ်ကိုသာလျှင် အမှန်တကယ် အကျိုးခံစားခွင့်ရှိသူ ပိုင်ရှင်အဖြစ် သတ်မှတ်မည်ဖြစ်ပါကြောင်း အသိပေးကြေညာထားသည်။
မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ပုဒ်မ ၄၆၂ ပုဒ်မခွဲ(က) ပုဒ်မခွဲငယ် (၂)အရ အပ်နှင်းထားသည့် အခွင့်အာဏာများကို ကျင့်သုံး၍ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနသည် ညွှန်ကြားချက်အမှတ် (၇/၂၀၂၃) ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ထုတ်ပြန်ကြေညာသည့်နေ့မှစတင်၍ အသက်ဝင်စေမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ အခန်း(၁၈)တွင် ဒါရိုက်တာများ၏ ရရန်ပိုင်ခွင့်နှင့် တာဝန်ရှိမှုများနှင့် စပ်လျဥ်း၍ ဒါရိုက်တာရာထူး ခန့်အပ်ထားခြင်းမရှိစေကာမူ ကုမ္ပဏီကိစ္စများကို ညွှန်ကြားသူ၊ ထိန်းချုပ်သူများကိုလည်း ဒါရိုက်တာအဖြစ် သတ်မှတ်ကြောင်း ပြဋ္ဌာန်းထားပြီးဖြစ်သည့်အပြင် ဥပဒေနှင့်အညီ အလှည့်ကျ ဒါရိုက်တာခန့်အပ်ရန်ကိုလည်း ခွင့်ပြုထားပြီးဖြစ်သည့်အတွက် ဥပဒေနှင့်မညီညွှတ်သော အမည်ခံဒါရိုက်တာများ ခန့်အပ်ခြင်းကို လုံးဝ ခွင့်ပြုမည်ဟုတ်ကြောင်း ညွှန်ကြားချက်တွင် ဖော်ပြထားသည်။
ကုမ္ပဏီတွင် ပါဝင်သူတစ်ဦးဦးက ပိုင်ဆိုင်ထားသော အစုရှယ်ယာများအတွက် မှတ်ပုံတင်အရာရှိထံ တင်ပြမှတ်ပုံတင်ရန်အတွက်လည်းကောင်း၊ ကုမ္ပဏီတွင် ထိန်းသိမ်းထားသော ကုမ္ပဏီတွင်ပါဝင်သူများ၏ မှတ်ပုံတင်စာရင်းတွင် မှတ်ပုံတင်စာရင်းရေးသွင်းရန်အတွက်လည်းကောင်း မြန်မာနိုင်ငံကုမ္ပဏီများဥပဒေတွင် ပြဋ္ဌာန်းထားပြီးဖြစ်သည်။
ကုမ္ပဏီ၏အကျိုးခံစားခွင့်ရှိသူ ပိုင်ရှင်၏သတင်းအချက်အလက်များကို မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ပုဒ်မ ၄၂၁ အရ မည်သူမဆို သတ်မှတ်အခကြေးငွေဖြင့် ကြည့်ရှုနိုင်မည်ဖြစ်သည်။