၁၉. ၁. ၂၀၂၃
Written by Tha Doe
ဇန်နဝါရီ ၁၇ ရက်က ဘဝနတ်ထံ ပြောင်းရွှေ့စံစားတော်မူသည့် သက်တော် (၅၈) နှစ်၊ သိက္ခာတော် (၃၈) ဝါ ရှိတော်မူသော မြစကြာကျောင်းတိုက်များ၏ မဟာနာယကဆရာတော် ဘဒ္ဒန္တဣန္ဒကာဘိဝံသထေရ်ကို ဇန်နဝါရီ ၂၁ ရက်တွင် အဂ္ဂိစျာပနာဖြင့် မီးပူဇော်မည်ဖြစ်ပြီး ဇန်နဝါရီ ၂၂ ရက်တွင် အရိုးပြာတော်ရေမျှောပူဇော်မည်ဖြစ်ကြောင်း မြစကြာကျောင်းတိုက်၏ ဂဏဝါစကအဖွဲ့မှ သိရသည်။
မြစကြာဆရာတော်သည် အသက်ရှူလမ်းကြောင်းပိုးဝင်ပြီး ဦးနှောက်ကျုံ့သည့်ရောဂါဖြင့် မန္တလေးမြို့ရှိ ညိမ်းဆေးရုံတွင် ကုသမှုခံယူနေစဥ် ဇန်နဝါရီ ၁၇ ရက်က ပျံလွန်တော်မူခဲ့ခြင်းဖြစ်သည်။ ဆရာတော်၏ အဂ္ဂိစျာပနအစီအစဥ်ကို ဇန်နဝါရီ ၂၁ ရက် နံနက် ၁၁ နာရီခွဲတွင် စျာပနာအခမ်းအနားစတင်ဖွင့်လှစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး သံဃနာယကဥက္ကဋ္ဌ(ရွှေကျင်) ရတနာဓုဝဏ်ဆရာတော်က သာရဏီယကထာမိန့်ကြားကာ သီတဂူဆရာတော်ဘုရားကြီးမှ သံဝေဂဓမ္မကထာဟောကြားကာ ရေစက်ချအမျှပေးဝေမည်ဖြစ်သည်။ ထို့နောက် ရုပ်ကလာပ်တော်ကို မြစကြာကျောင်းတိုက်မှ ကမ်းနားစျာပနာကွင်းသို့ ပင့်ဆောင်၍ မီးပူဇော်မည်ဖြစ်ပြီး ဇန်နဝါရီ ၂၂ ရက်တွင်မူ အရိုးပြာတော်များကို ရွှေအိုး၊ ငွေအိုးများဖြင့် ပင့်ဆောင်၍ လေးကျွန်းမာရ်အောင်ဆိပ်ဦးမြစ်လယ်မှ ရေမျှောပူဇော်မည်ဖြစ်သည်။
မြစကြာဆရာတော် ဘဒ္ဒန္တဣန္ဒကာလင်္ကာရာဘိဝံသကို မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရွာ၊ သိမ်တော်ရပ် ခမည်းတော် ဦးကျော့ရွှေ + မယ်တော် ဒေါ်မြစိန်တို့မှ ၁၃၂၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၈ ရက် (၃-၁၀-၁၉၆၅) တနင်္ဂနွေနေ့တွင် ဖွားမြင်ခဲ့သည်။
၁၃၃၇ ခုနှစ်၊ ဝါခေါင်လဆန်း ၅ ရက်နေ့တွင် ငါန်းမြာကြီးရွာ စကြာတိုက်ကျောင်းဆရာတော် ဘဒ္ဒန္တဣန္ဒာစက္ကမဟာထေရ်ကို ဥပဇ္ဈာယ်ပြုလျက် မိဘနှစ်ပါး၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့သည်။ ပိဋကတ်အခြေခံကျမ်းစာများကိုလည်း သင်ယူခဲ့သည်။
သာမဏေဘ၀ ၁၃၄၅ ခုနှစ်၌ ပရိယတ္တိသာသနာလင်္ကာရ (သကျသီဟ)သာမဏေကျော်ဘွဲ့နှင့် ၁၃၄၆ ခုနှစ်၌ အစိုးရ ပထမကြီးတန်းကို ဖြေဆိုအောင်မြင်ခဲ့သည်။ ရဟန်းသိက္ခာ ၃ ဝါအရတွင် မြင်းခြံ သဒ္ဓမ္မပါလ သီးခြားစာသင်တန်း၊ ရန်ကုန် စေတိယင်္ဂဏ သီးခြားစာသင်တန်းနှင့် မန္တလေး သကျသီဟ သီးခြားစာသင်တန်းတို့ကို အောင်မြင်ခဲ့သည်။ ၁၃၅၀ ပြည့်နှစ်၊ ရဟန်းသိက္ခာ ၄ ဝါအရတွင် သာသနဓဇ ဓမ္မာစရိယဘွဲ့ကို တစ်နိုင်ငံလုံး တတိယဂုဏ်ထူးဖြင့်လည်းကောင်း၊ ရွှေကျင်နိကာယအထိမ်းအမှတ် ဝိသုဒ္ဓါရုံ ဝံသပါလ ဓမ္မာစရိယဘွဲ့ကို ဒုတိယဂုဏ်ထူးဖြင့်လည်းကောင်း ဖြေဆိုအောင်မြင်ခဲ့သည်။ ၁၃၅၁ ခုနှစ်၊ ရဟန်းသိက္ခာ ၅ ဝါအရတွင် မြင်းခြံမြို့ ပရိယတ္တိ သဒ္ဓမ္မပါလ ဓမ္မာစရိယဘွဲ့ကို ပထမဂုဏ်ထူးဖြင့်လည်းကောင်း၊ ရန်ကုန်မြို့ စေတိယင်္ဂဏ ပရိယတ္တိဓမ္မာစရိယ ဂဏဝါစကဘွဲ့ကိုလည်းကောင်း၊ မန္တလေးမြို့ ပရိယတ္တိ သာသနဟိတ သကျသီဟဓမ္မာစရိယဘွဲ့ကို ပထမ ဂုဏ်ထူးဖြင့်လည်းကောင်း ဖြေဆိုအောင်မြင်ခဲ့သည်။
၁၃၅၄ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက်နေ့၌ သံဃနာယကဆရာတော်များနှင့် မဟာဂန္ဓာရုံကျောင်းတိုက် နာယကဆရာတော်များ ရှေ့မှောက်ဝယ် မြစကြာဆရာတော် ဘဒ္ဒန္တလက္ခဏမထေရ်မြတ်က အရှင်ဣန္ဒကာဘိဝံသအား မြစကြာကျောင်းတိုက်ကြီးကို ဂရုဘဏ်၊ လဟုဘဏ်နှင့်တကွ လွှဲအပ်လှူဒါန်းခဲ့သည်။ အထူးသဖြင့် ပရိယတ္တိသာသနာ စည်ပင် ပြန့်ပွားရန်ဟူသော ရည်ရွယ်ချက်ဖြင့် လှူဒါန်းခဲ့ခြင်း ဖြစ်သည်။
“ဆွေမျိုးကျောင်း မဖြစ်စေချင်ဘူး၊ သာသနာတွက် အကျိုးများတဲ့ ကျောင်းပဲ ဖြစ်စေချင်တယ်” ဤသို့သော မြစကြာ ဆရာတော် ဘဒ္ဒန္တလက္ခဏမထေရ်မြတ်၏ အလိုဆန္ဒကို ပါရမီဖြည့်သောအားဖြင့် ကြိုးစားအားထုတ်ခဲ့သည်။ အရေအတွက်အားဖြင့် စာသင်သား သံဃာ ၂ ပါးမှ စတင်ခဲ့ရာ ၁၈ နှစ်အတွင်း သံဃာ ၂၈၀ ကျော်အထိ တိုးတက်ခဲ့သည်။ အရည်အသွေးအားဖြင့်လည်း သာမဏေကျော်ဘွဲ့ရ၊ ပထမကျော်ဘွဲ့ရ၊ ဓမ္မာစရိယဘွဲ့ရ၊ သကျသီဟ အဘိဝံသဘွဲ့ရအထိ တိုးတက်အောင်မြင်ခဲ့ပြီး သာသနာအတွက် တန်ဖိုးဖြတ်မရနိုင်သော မြစကြာကျောင်းတိုက်ကို အောင်မြင်စွာဦးဆောင်နိုင်ခဲ့သော ဆရာတော်ဖြစ်ခဲ့သည်။