၁၉. ၁. ၂၀၂၃
Written by Nyein Kyaw
Grand Royal အရက်ချက်စက်ရုံမီးလောင်ပြင်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး ပျောက်ဆုံးနေပြီး လက်ရှိအချိန်အထိ အဆက်အသွယ် မရရှိသေးကြောင်း အမှတ် ၄ ရပ်ကွက် ရွှေပြည်သာအရန်မီးသတ်တပ်ဖွဲ့မှ သိရသည်။
ပျောက်ဆုံးနေသည့် မီးသတ်တပ်ဖွဲ့ဝင်မှာ မောင်ပြည့်ဘုဏ်မောင်ဖြစ်ပြီး ၎င်းမှာ မွေးရာပါ စကားမပီသူဖြစ်သည်။ ဇန်နဝါရီ ၁၃ ရက်တွင် Grand Royal အရက်ချက်စက်ရုံမီးလောင်ပြင် ပေါက်ကွဲမှုဖြစ်စဥ် မီးသတ်ကားပေါ်ရေထိုင်တာဝန်ယူနေစဥ် ပြုတ်ကျခဲ့ရာ ဦးခေါင်းဖုရောင်ဒဏ်ရာဖြင့် ရွှေပြည်သာဆေးရုံတွင် တစ်ရက်တာ ဆေးကုသမှုခံယူခဲ့ရသူဖြစ်ကြောင်း သိရသည်။
ထိခိုက်ဒဏ်ရာသက်သာ၍ ဆေးရုံမှ ဇန်နဝါရီ ၁၄ ရက်တွင် ပြန်ဆင်းလာခဲ့ပြီး ဇန်နဝါရီ ၁၅ ရက်တွင် ဘုရားသွားမည်ဟုဆိုကာ မီးသတ်စခန်းမှ အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့် ထွက်သွားခဲ့ပြီးနောက် ယနေ့အထိ အဆက်အသွယ်ပြတ်နေခဲ့ခြင်းဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
ပျောက်ဆုံးနေသည့် မီးသတ်တပ်ဖွဲ့ဝင် မောင်ပြည့်ဘုဏ်မောင်သည် မော်လမြိုင်မြို့၊ မြိုင်သာယာမှ ရန်ကုန်တွင် လာရောက်အလုပ်ကိုင်လျက် အမှတ် ၄ ရပ်ကွက် ရွှေပြည်သာအရန်မီးသတ်တပ်ဖွဲ့စခန်း၌ စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့မှ သိရသည်။