၁၃. ၁. ၂၀၂၃
Written by Thettant
ဗန်းမော်မြိုထ့ သုံးမိုင်မြို့ရှောင်လမ်းတွင် ဆောက်လုပ်ရေးကုမ္ပဏီတစ်ခု၏ ယာဥ်တိမ်းမှောက်ပြီး အမျိုးသမီးနှစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိမှု ဇန်နဝါရီ ၁၂ ရက်က ဖြစ်ပွားခဲ့ကြောင်း သုညသုခပရဟိတလူငယ်အသင်း၏ ကူညီပေးမှုဖြစ်စဥ်များမှ သိရသည်။
အဆိုပါဖြစ်စဥ်မှာ ဇန်နဝါရီ ၁၂ ရက် နေ့လည် ၂ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သုံးမိုင် မြို့ရှောင်လမ်းတွင် ယာဥ်တိမ်းမှောက်မှုဖြစ်ပွားနေကြောင်း အကူအညီတောင်းခံချက်အရ သုညသုခမှ သွားရောက်ကူညီခဲ့ရာ လူနာ ခုနစ်ဦးကားမှောက်ပြီး ပိမိနေ၍ အသင်းမှ သူနာတင်ယာဥ်ဝန်ဆောင်မှုယာဥ်သုံးစီးဖြင့် ထိခိုက်ဒဏ်ရာရရှိသူ ကျားနှစ်ဦးနှင့် မသုံးဦးအားဆေးရုံသို့အရေးပေါ်ကူညီပို့ဆောင်ပေးခဲ့ရာ မနှစ်ဦးမှာရရှိသောဒဏ်ရာပြင်းထန်သဖြင့် ကွယ်လွန်ဆုံးပါးခဲ့၍ ရင်ခွဲရုံသို့ပို့ဆောင်ထားရှိခဲ့ရသည်။
ယာဥ်တိမ်းမှောက်မှုဖြစ်စဥ်မှ လူနာများသည် ရွှေကူမြို့မှဟုသိရပြီး ဘိလပ်မြေများသယ်ဆောင်ကာ ဒေါ့ဖုန်းယန်မြို့တွင် တည်ဆောက်ရေးလုပ်ငန်းများလုပ်ဆောင်နေသည့် ကုမ္ပဏီတစ်ခုမှဟု ကနဦးသိရကြောင်းလည်း သုညသုခအသင်းက အသိပေးထားသည်။
ယာဥ်တိမ်းမှောက်မှုကြောင့် အသက် ၅၀ အရွယ် ဒေါ်ဝင်းမာနှင့် အသက် ၄၅ နှစ်အရွယ် ဒေါ်သင်းသင်းတို့ကွယ်လွန်ခဲ့ပြီး အသက် ၁၉ နှစ်အရွယ် မစုမြတ်တိုးမှာ ထိခိုက်ဒဏ်ရာရရှိမှုပြင်းထန်သဖြင့် အောက်ဆီဂျင်ပေးထားရကာ အရေးပေါ်အခြေအနေဖြင့် စိုးရိမ်ရသဖြင့် F-11 ခွဲစိတ်ကုသဆောင်တွင်ကုသနေသည်ဟုသိရပြီး ကျန်သူများမှာ သာမန်ထိခိုက်ဒဏ်ရာများသာရရှိခဲ့သည်ဟု သိရသည်။