MT News
Written by Nay Aung
အိန္ဒိယနှင့် မြန်မာနယ်စပ်တစ်လျှောက်ရှိ လက်နက်ကိုင်အဖွဲ့စခန်းကို တပ်မတော်က ဗုံးကြဲတိုက်ခိုက်ခဲ့ချိန်အတွင်း အိန္ဒိယနိုင်ငံဘက်ခြမ်းသို့ ကျရောက်ပေါက်ကွဲခြင်းများမရှိကြောင်း အာသံရိုင်ဖယ်တပ်ရင်း(AR) ကသတင်းထုတ်ပြန်လိုက်သည်။
နယ်စပ်ဒေသရှိ လက်နက်ကိုင်အဖွဲ့ကို တပ်က ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ရှိ Champai ဒေသအတွင်း ဗုံး၊ ကျည်ဆံများကျရောက်ပေါက်ကွဲခဲ့မှုများရှိခဲ့သည်ဟု ဒေသခံခေါင်းဆောင်အချို့ကပြောဆိုခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် အာသံရိုင်ဖယ်တပ်ရင်းက တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။ အာသံရိုင်ဖယ်တပ်ရင်း၏အကြီးတန်းအရာရှိတစ်ဦးက ကျရောက်ပေါက်ကွဲမှုများရှိခဲ့သော်လည်း မြန်မာနိုင်ငံဘက်ခြမ်းတွင်သာ ဗုံးကျည်ဆံများ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်းအတည်ပြုပြောဆိုထားသည်။
Champai ဒေသအစိုးရတာဝန်ရှိသူအချို့က အသေးစိတ်အခြေနေများကို စုံစမ်းလေ့လာခဲ့ပြီးနောက် ဗုံး၊ ကျည်ဆံများကျရောက်ပေါက်ကွဲခဲ့သည် ဆိုသော သတင်းများနှင့်ပတ်သက်ပြီး Champaiဒေသအုပ်ချုပ်ရေးအဖွဲ့ ဒုတိယကော်မရှင်နာ ဂျိန်းစ့် လယ်ရင်ချာဟာနာက “ဒေသံအချို့ပြောဆိုမှုတွေနဲ့ပတ်သက်ပြီး မြန်မာစစ်တပ်ရဲ့တိုက်ခိုက်မှုကြောင့် ဗုံးများကျရောက်ခဲ့တယ်ဆိုတဲ့နေရာကို စစ်ဆေးလေ့လာဖို့ သက်ဆိုင်ရာနယ်မြေစုံစမ်းစစ်ဆေးအဖွဲ့ကို စေလွှတ်ထားတယ်။ ဇန်နဝါရီ ၁၂ ရက်နေ့ညနေပိုင်းမှာအဲဒီကိစ္စနဲ့ပတ်သတ်သက်ပြီး အစီရင်ခံစာရရှိမှာဖြစ်တယ်။ အဲဒီအစီအရင်ခံစာအသေးစိတ်ကို အဆင့်မြင့်အရာရှိကြီးတွေထံ ထပ်မံပေးပို့သွားမှာဖြစ်တယ်။” ဟုဆိုသည်။
ဖာကွမ်ရွာအကြီးအကဲက မြန်မာ့တပ်၏ တိုက်ခိုက်မှုကြောင့် မီဇိုရမ်ပြည်နယ်ရှိ Tiau မြစ်အနီးကို ဗုံးများကျရောက်ခဲ့ပြီး ကျေးရွာကောင်စီပိုင်ဆိုင်သော ကုန်ကားတစ်စီး ထိခိုက်ပျက်စီးခဲ့ကြောင်း ဆိုထားသည်။ တပ်မတော်
သည် ဇန်နဝါရီ ၁၀ရက်က အိန္ဒိယနှင့်မြန်မာနယ်စပ်ဒေသရှိ ချင်းလက်နက်ကိုင်အဖွဲ့ (CNA)ဌာနချုပ်ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် မြန်မာနိုင်ငံဘက်ခြမ်းတွင် ဗုံးပေါက်ကွဲမှု ၈ ကြိမ်ခန့်ဖြစ်ပွားခဲ့ကြောင်း အိန္ဒိယအစိုးရတာဝန်ရှိသူများ၏ ကနဦးအစီရင်ခံစာများတွင် ဖော်ပြထားသည်။
ref indianexpress.