MT News
Written by Ye Kyaw
နိုင်ငံကူးလက်မှတ်(PJ)သက်တမ်းကုန် မြန်မာရွှေ့ပြောင်းလုပ်သား ၁၀၀၀ ဦးနှင့်အထက်ရှိသော စက်ရုံများ စက်ရုံ၊ အလုပ်ရုံမှ တာဝန်ရှိသူများနှင့် ဇန်နဝါရီ ၂၃ ရက်တွင် တွေ့ဆုံပြီးချိန်တွင် မဲနှိုက်၍ အလှည့်ကျသော စက်ရုံ (၁)နှင့် စက်ရုံ(၂) အား ဇန်နဝါရီ ၂၄ ရက်၌ ချက်ချင်းစေလွှတ်ပေးမည်ဖြစ်ကြောင်း ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက ယမန်နေ့တွင် ကြေညာထားသည်။
ယင်းကဲ့သို့ စေလွှတ်နိုင်ရန် စက်ရုံများအနေဖြင့် နိုင်ငံကူးလက်မှတ်ပြုလုပ်မည့် အနည်းဆုံး လုပ်သား ၅၀ ဦး ထိုင်၍စောင့်ဆိုင်းနိုင်ရန် ခန်းမ၊ စက်ပစ္စည်းနှင့် နိုင်ငံကူးလက်မှတ်ပြုလုပ်ပေးမည့် ဌာနဆိုင်ရာ အရာထမ်းများအတွက် နေရာ၊ ဓာတ်ပုံရိုက်ရန်နှင့် စက်ပစ္စည်းအသုံးပြုနိုင်ရန် လျှပ်စစ်လိုင်းသွယ်တန်းမှု၊ အလှည့်ကျသူများအား ခေါ်ထုတ်ပေးနိုင်မည့် စက်ရုံကိုယ်စားလှယ်နှစ်ဦး စသည်တို့ကို ကြိုတင်ပြင်ဆင်ထားရန် မြန်မာသံရုံးမှ ထုတ်ပြန်ထားသည်။
စက်ရုံ/အလုပ်ရုံများသို့ လာရောက်ဆောင်ရွက်ပေးမည့် စက်တစ်စုံသည် တစ်နေ့လျှင် ၂၅၀ ဦးမှ ၃၀၀ ဦးအတွင်း ပြုလုပ်ပေးနိုင်သဖြင့် သတ်မှတ်ပုံစံ ရေးသွင်းခြင်း၊ ဓာတ်ပုံကပ်ခြင်း၊ လိုအပ်သောစာရွက်စာတမ်းများ ပူးတွဲခြင်းလုပ်ငန်းစဥ်များကို စက်ရုံများမှ တာဝန်ယူ၍ ကြိုတင်ဆောင်ရွက်ထားရန်လည်း ဖော်ပြထားသည်။
လက်ရှိတွင် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်းကို မြန်မာသံရုံး၊ ဘန်ကောက်မြို့တွင် Mobile စက် ၄ စုံ၊ ကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြိုတွင် Mobile စက် ၁ စုံဖြင့် ဆောင်ရွက်ပေးလျက်ရှိသည်။ ယခုထပ်မံရောက်ရှိလာသော Mobile စက်နှစ်စုံဖြင့် ပြုလုပ်ရန်ကျန်သည့် အင်အား ၁၀၀၀ ဦးနှင့်အထက်ရှိသော စက်ရုံများသို Mobile Taem နှစ်ဖွဲ့ခွဲကာ အလှည့်ကျစေလွှတ်လုပ်ဆောင်ပေးမည်ဖြစ်၍ စက်ရုံ၊ အလုပ်ရုံများအနေဖြင့် ၂၀၂၂ -၂၀၂၃ ခုနှစ်၌ ကုန်ဆုံးမည့် လုပ်သားများ စာရင်းကို သတ်မှတ်ပုံစံအတိုင်း ပြုစုပြီး ဇန်နဝါရီ ၂၀ ရက် နောက်ဆုံးထား၍ ကောင်စစ်တာဝန်ခံ အရာရှိ ဒေါ်ခင်မာလာဝင်းထံ ပေးပို့ရန် ဇန်နဝါရီ ၁၀ ရက်တွင် ကြေညာထားသည်။
ပြုလုပ်ရန် ကျန်သည့် ၁၀၀၀ ဦးအောက် စက်ရုံ၊ အလုပ်ရုံများကို မြန်မာ(သံရုံး) တွင် အလှည့်ကျခေါ်ယူကာ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။