MT News
အာဆီယံဥက္ကဋ္ဌဖြစ်လာသည့် အင်ဒိုနီးရှားနိုင်ငံ၏ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံနှင့်ပတ်သက်၍ ပြောကြားခဲ့သည့်အပေါ် SAC ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက SAC အစိုးရ အကြမ်းဖက်အဖြစ်ကြေညာထားသည့်အဖွဲ့များ၊ မတရားအသင်းများနှင့် ထိတွေ့ဆက်ဆံခြင်း မပြုရန် ASEAN ကို သတိပေးချက်ထုတ်ပြန်သည်။
အချက်သုံးချက်ဖြစ် ထုတ်ပြန်သည့် SAC ၏ နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်ချက်တွင် အင်ဒိုနီးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီသည် ၁၁-၁-၂၀၂၃ ရက်နေ့ နံနက်ပိုင်းတွင် အင်ဒိုနီးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ပုံမှန်သတင်းထုတ်ပြန်ချက်ဖြင့် Annual Press Statement ပြောကြားခဲ့ပြီး၊ ထိုသို့ပြောကြားရာ၌ မြန်မာနိုင်ငံနှင့်ပတ်သက်၍ ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် အသိပေးထုတ်ပြန်ခဲ့ပြီးဖြစ်သည့် မြန်မာနိုင်ငံသည် အာဆီယံ၏ တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော်ခြင်းကို မိမိနိုင်ငံ၏ အမျိုးသားရေးအကျိုးစီးပွား၊ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့် တစ်နိုင်ငံ၏ပြည်တွင်းရေးကို အဖွဲ့ဝင်တစ်နိုင်ငံမှမစွက်ဖက်ရေး စသည့်အခြေခံမူများနှင့်အညီ စွဲမြဲစွာ ဆောင်ရွက်လျက်ရှိသည်ဟု သတိပေးခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီပြန်လည်ဖော်ဆောင်ရေးအတွက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ရှေ့လုပ်ငန်းစဉ်(၅)ရပ်အား လွတ်လပ်သည့်အချုပ်အခြာအာဏာပိုင်နိုင်ငံ တစ်နိုင်ငံအဖြစ် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သတိပေးချက်တွင် ဖော်ပြသည်။
ယင်းအပြင် အာဆီယံသည် စည်းမျဉ်းကိုအခြေခံသည့် အဖွဲ့အစည်းဖြစ်သည်နှင့်အညီ အာဆီယံ ပဋိညာဉ်စာတမ်းပါ ပြဌာန်းချက်များနှင့် အာဆီယံအခြေခံမူများနှင့်အညီ တိတိကျကျ လေးစားလိုက်နာရန်လိုအပ်ပြီး မြန်မာအစိုးရမှကြေညာထားသည့် မည်သည့် အကြမ်းဖက်အဖွဲ့များ၊ မတရားအသင်းများနှင့်မျှ ထိတွေ့ဆက်ဆံခြင်းမပြုရန်လိုအပ်ကြောင်းကို ထပ်လောင်းသတိပေးတိုက်တွန်းသည်ဟု SAC က ASEAN ကို သတိပေးသည်။