MT News
သုံးနှစ်ခန့် ပိတ်ထားသည့် မြန်မာ-ထိုင်း နယ်စပ်ချစ်ကြည်ရေးတံတား အမှတ်(၁) ယနေ့ဖွင့်လှစ်ပြီးနောက် မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေး ပြုလုပ်နေကြသည့် လုပ်ငန်းရှင်များအတွက် ထိုင်းဘတ်ငွေ ကုမ္ပဏီငွေစာရင်းများဖွင့်နိုင်ပြီဟု ပြည်တွင်းဘဏ်များက ယမန်နေ့ညတွင် အသိပေးချက်ထုတ်ပြန်သည်။
ထိုင်းဘတ်ငွေ ကုမ္ပဏီစာရင်းများဖွင့်လှစ်နိုင်ပြီဟုကြေညာထားသည့် ပြည်တွင်းဘဏ်များမှာ CB Bank၊ မြန်မာ့ရှေ့ဆောင်ဘဏ် (MAB)၊ ဧရာဝတီဘဏ် စသည်တို့ဖြစ်သည်။
အဆိုပါဘဏ်များ၏ ကြေညာချက်အရ ဘဏ်စာရင်းဖွင့်လှစ်နိုင်သည့် ဘဏ်ခွဲများမှာ နေပြည်တော်ဘဏ်ခွဲ၊ ရန်ကုန်ဘဏ်ခွဲ၊ မန္တလေးဘဏ်ခွဲ၊ မြဝတီဘဏ်ခွဲ၊ တာချီလိတ်ဘဏ်ခွဲ၊ မြိတ်ဘဏ်ခွဲ၊ ကော့သောင်းဘဏ်ခွဲ စသည်တို့ အဓိကပါဝင်ကာ ဘဏ်ငွေစာရင်းဖွင့်လှစ်ရန်အတွက် တစ်ဘဏ်နှင့်တစ်ဘဏ် သတ်မှတ်ချက်များမှာမူ ကွာခြားမှုများရှိသည်။
ကိုဗစ်ကပ်ရောဂါကြောင့် လွန်ခဲ့သော ၂၀၂၀ ပြည့်နှစ်ကပင် ပိတ်ထားခဲ့ရသော ထိုင်း – မြန်မာချစ်ကြည်ရေး အမှတ်(၁)တံတားကို ဇန်နဝါရီ ၁၂ ရက်တွင် ဖွင့်လှစ်ခဲ့ပြီဖြစ်ကာ နိုင်ငံကူးစာအုပ်ပြုလုပ်ခငွေနှစ်ထောင်သာ ကုန်ကျမည်ဖြစ်ပြီး ထိုစာအုပ်ဖြင့် မဲဆောက်တွင် ၇ ရက်နေနိုင်မည်ဖြစ်သည်။