MT News
Written by Min Mahar
ယမန်နေ့ညဦးပိုင်းက မြနန္ဒာစစ်ဆင်ရေးဟုဆိုကာ ပြည်ကြီးတံခွန်မြို့နယ်ရှိ သင်ပန်းကုန်းရဲစခန်းနှင့် (စ) ရပ်ကွက်ရုံးတို့ကို လက်ပစ်ဗုံးပစ်ဖောက်ခံရပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၂ ရက် ညနေ ၆ နာရီခွဲခန့်က မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၅၆ လမ်း၊ ၁၂၀ လမ်းပေါ်ရှိ သင်ပန်းကုန်းနယ်မြေရဲစခန်းဘေး လက်ပစ်ဗုံးတစ်လုံးပစ်ပေါက်ခံရပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။
အလားတူပင် ည ၇ နာရီခန့်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ ၅၈ လမ်း ၊ ၁၂၃ လမ်းပေါ်ရှိ (စ) ရပ်ကွက်ရုံးကိုလည်း လက်ပစ်ဗုံးတစ်လုံးထပ်မံပစ်ပေါက်ခံရပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြာင်း သိရသည်။
“အသံမိုင်းတွေပဲဖြစ်မှာပါ။ ရွေးကောက်ပွဲမဖြစ်အောင်နဲ့ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်နေတာကို မလုပ်စေချင်လို့ သတိပေးတဲ့သဘောနဲ့ ခွဲနေကြတာဖြစ်မယ်။ အခုရက်ပိုင်းအတွင်း မကြာခဏ အသံမိုင်းတွေခွဲနေတာကြားနေရတယ်” ဟု မြို့နေပြည်သူတစ်ဦးက MT News သို့ ပြောသည်။
ထိုပေါက်ကွဲမှုကြောင့် လူနှင့်အဆောက်အဦထိခိုက်မှုတစ်စုတစ်ရာမရှိကြောင်းလည်း စုံစမ်းသိရပြီး အဆိုပါဖောက်ခွဲမှုကို မြနန္ဒာစစ်ဆင်ရေး(မန္တလေး) နှင့် Acid Army PDF အဖွဲ့တို့ပူးပေါင်းကာဖောက်ခွဲခဲ့ကာ လူအထိအခိုက်များ မသိရှိရသေးကြောင်းလည်း ထုတ်ပြန်ကြေညာထားသည်။
၎င်းတို့အဖွဲ့သည် ဇန်နဝါရီလ ၁၁ ရက်နေ့ ညနေ ၅ နာရီ ၅၀ မိနစ်ခန့်ကလည်း ပြည်ကြီးတံခွန်မြို့နယ်၊ ၆၂ လမ်းနှင့် မြဝတီမင်းကြီးလမ်းထောင့်ရှိ ရဲစခန်းကိုလည်း ဗုံးပစ်တိုက်ခိုက်ခဲ့သေးကြောင်းလည်း သိရသည်။