၁၁.၁၂.၂၀၂၄
Written by KL
အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၆၃/၁နှင့် ၆၃/၂ကြားတွင် ဒီဇင်ဘာလ ၁၁ ရက် ညနေ ၄ နာရီခွဲခန့်က Alphard မော်တော်ယာဥ် နောက်ဘီးပေါက်၍ ပွဲကလေးတံတားလက်ရမ်းကို ဝင်ရောက်တိုက်မိရာမှ အရှိန်မထိန်းနိုင်ဘဲ ပလက်လန်တိမ်းမှောက်ခဲ့ရာ ရဟန်းတော်တစ်ပါး အပါအဝင် ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းမီးသတ်စခန်းထံမှသိရသည်။
ရဟန်းတော်တစ်ပါး၊ သီလရှင်တစ်ပါး၊ အမျိုးသား ၂ ဦး၊အမျိုးသမီး ၄ ဦးအပါအဝင် စုစုပေါင်း ၈ ဦး လိုက်ပါလာသော Toyota Alphard အမျိုးအစား အဖြူရောင်မော်တော်ယာဥ်မှာ မောင်းနှင်လာစဥ် ကား၏ညာဘက်နောက်ဘီးပေါက်ရာမှ ပွဲကလေးတံတားလက်ရမ်းကို တိုက်မိပြီး အရှိန်မထိန်းနိုင်ဘဲ တံတားကျောက်တိုင်နှင့် လမ်းလယ်ကျွန်း ဘယ်ရီယာတုံးများကို ထပ်မံဝင်တိုက်မိ၍ အမြန်လမ်းမပေါ်တွင် ပက်လက်လန်တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယာဥ်တိမ်းမှောက်မှုကြောင့် သက်တော် ၅၃ နှစ်အရွယ်ရှိ ရဟန်းတော်တစ်ပါးတွင် ဘယ်ဘက်ဒူးနှင့်ခြေဖမိုးပွန်းပဲ့ဒဏ်ရာ၊ ရင်ဘတ်အောင့်နာကျင်ဒဏ်ရာ၊ အသက် ၅၄ နှစ်မှ ၇၅ နှစ်အရွယ် အမျိုးသမီး ၃ ဦးတွင် ပွန်းပဲ့ပေါက်ပြဲဒဏ်ရာ၊ အသက် ၁၈ နှစ်အရွယ် အမျိုးသားနှင့် အသက် ၄၈ နှစ်အရွယ် ယာဥ်မောင်းအမျိုးသားတစ်ဦးတွင် ပွန်းပဲ့ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
Alphard မော်တော်ယာဥ် တိမ်းမှောက်မှုကြောင့် အသက် ၄၈ နှစ်အရွယ် ယာဥ်မောင်း အမျိုးသားကို အုတ်ရှစ်ကုန်းအမြန်လမ်းရဲစခန်းမှ ပုဒ်မ ၃၃၈၊ ၃၃၇၊ ၂၇၉ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။