
၉.၁၂.၂၀၂၄
Written By Thandar
ထိုင်ဝမ်နိုင်ငံမှာ ဒီဇင်ဘာ ၈ ရက် ညပိုင်းက ကျင်းပခဲ့တဲ့ Mister Friendship International 2024 ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ အလှမောင် Mister ခွန်းညက 2nd Runner Up ဆုကို ရရှိခဲ့ပါတယ်။



“တကယ်တော့ ဒီပြိုင်ပွဲကတော့ ချစ်ကြည်ရေးအနေနဲ့ ပြိုင်တဲ့ပွဲမျိုးဖြစ်တဲ့အတွက် ပွဲရဲ့လိုချင်တဲ့အချက်တွေကို သေချာလေ့လာပြီးတော့ ပြင်ဆင်ချပြခဲ့ပါတယ်။ Title ဆုတစ်ခုခု မဖြစ်မနေရမယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်ပါတယ်။ ခုကတော့ 2nd Runner Up ဆုကို ရလို့လည်း ဝမ်းသာရပါတယ်။ သူတို့လူမျိုးတွေ ရိုးရာယဉ်ကျေးမှုတွေ လေ့လာပြီး ပြိုင်ပွဲဝင်ခဲ့တာပါ။ ပြိုင်ပွဲတစ်လျှောက်လုံးမှာ တိုင်းရင်းသားပေါင်းစုံရဲ့ ဝတ်စုံတွေကို အကောင်းဆုံးတင်ဆက်ခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံကိုယ်စားပြု နိုင်ငံ့ဂုဏ်ဆောင်တစ်ယောက်အနေနဲ့ မှတ်တိုင်လေးတစ်ခု ထားခဲ့ရလို့ ပီတိဖြစ်ရပါတယ်”လို့ Mister ခွန်းညက ပြောပါတယ်။
အဆိုပါ ပြိုင်ပွဲကြီးကိုတော့ ထိုင်ဝမ်နိုင်ငံက အာရှတက္ကသိုလ်မှာ ကျင်းပခဲ့ရာ နိုင်ငံအသီးသီးက ကိုယ်စားပြုအနေနဲ့ ကိုရီးယား၊ အိန္ဒိယ၊ ဒိုမီနိကန်၊ ကနေဒါ၊ ကမ္ဘောဒီးယား၊ ထိုင်ဝမ်၊ အင်ဒိုနီးရှား၊ လာအို၊ ထိုင်း၊ USA ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်စတဲ့ နိုင်ငံတွေက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။






Mister Friendship International Winner ဆုကို ထိုင်ဝမ်အလှမောင်၊ 1st Runners Up ဆုကို အင်ဒိုနီးရှားအလှမောင်နဲ့ ဖိလစ်ပိုင်အလှမောင်၊ 2nd Runners Up ဆုကို ဗီယက်နမ်အလှမောင်နဲ့ မြန်မာအလှမောင်၊ 3rd Runners Up ဆုကို ကနေဒါအလှမောင်၊ ပိုလန်အလှမောင်နဲ့ ထိုင်းအလှမောင်တို့က ရရှိခဲ့တာလည်းဖြစ်ပါတယ်။
သူဟာ ပြီးခဲ့တဲ့ ၆ လလောက်ကတည်းက မြန်မာကိုယ်စားပြုအနေနဲ့ သွားရောက်ယှဉ်ပြိုင်ဖို့ ရွေးချယ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။ အလှမောင် ခွန်းညကတော့ Body , Beauty , Brain နဲ့ ပတ်သက်တာတွေကို ပြင်ဆင်ပြီးတော့ သွားရောက်ယှဉ်ပြိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ခွန်းညကတော့ Mahar Application က ထုတ်လွှင့်ပြသနေတဲ့ ဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်သရုပ်ဆောင်နေသူလည်းဖြစ်ပါတယ်။