◾️ ခရီးသွားပြည်သူများ DEMU ရထားတွဲဆိုင်းအသစ်များ ရေရှည်တည်တံ့ အသုံးပြုပြေးဆွဲနိုင်ရေး ဝိုင်းဝန်းစောင့်ရှောက်ပေးရန် မေတ္တာရပ်ခံလိုကြောင်း SAC ဥက္ကဋ္ဌ ပြောကြား
၂၉. ၁၁. ၂၀၂၄
Written by Nyein Kyaw
ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွင် ခေတ်မီ Diesel Electric Multiple Unit (DEMU) ရထားတွဲဆိုင်းအသစ် ၁၅ စင်းဖြင့် စတင်ပြေးဆွဲခြင်း ဖွင့်ပွဲအခမ်းအနားအား ရန်ကုန်ဘူတာကြီးတွင် ယနေ့ ကျင်းပခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများအနေဖြင့် ယနေ့ စတင်ပြေးဆွဲသည့် ခေတ်မီ DEMU ရထားတွဲဆိုင်းများကို အသုံးပြုပြီး ရထားလမ်းနှင့် ဆက်စပ်ပစ္စည်းများ ရေရှည်တည်တံ့ အသုံးပြု ပြေးဆွဲနိုင်ရေးတို့အတွက် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ပေးကြရန် မေတ္တာရပ်ခံလိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
မြန်မာ့မီးရထားဝန်ထမ်းများအနေဖြင့်လည်း ရထားစီး ခရီးသွားပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းပြီး လိုရာခရီးကို အဆင်ပြေစိတ်ချမ်းမြေ့စွာ သွားလာနိုင်ရေးနှင့် ပြည်သူကိုကောင်းမွန်သည့် ဝန်ဆောင်မှုများပေးနိုင်ရေး ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ပေးကြရန် SAC ဥက္ကဋ္ဌက တိုက်တွန်းမှာကြားခဲ့သည်။
ထို့နောက် SAC ဥက္ကဋ္ဌက ရန်ကုန်မြို့ပတ်ခရီးစဉ်ပြေးဆွဲမည့် ခေတ်မီ DEMU ရထားတွဲဆိုင်းအသစ်များ စတင်ပြေးဆွဲခြင်းအတွက် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ရန်ကုန်မြို့ပတ်လက်ဝဲရစ်ခရီးစဉ်အဖြစ် ခေတ်မီ DEMU တွဲဆိုင်းအသစ် စတင်ထွက်ခွာရာတွင် ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။ ထို့နောက် SAC ဥက္ကဋ္ဌက ရန်ကုန်မြို့ပတ် လက်ယာရစ်ခရီးစဉ်အဖြစ် ခေတ်မီ DEMU တွဲဆိုင်းအသစ်များဖြင့် လိုက်ပါစီးနင်းပြီး ခရီးသွားပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။
ရန်ကုန်မြို့ပတ်ခရီးစဉ်အတွက် နေ့စဉ် RBE ရထားအစင်း ၂၀ နှင့် DEMU ၁၅ စင်း အသုံးပြုပြီး အစားထိုးပြေးဆွဲပေးသွားမည်ဖြစ်သဖြင့် ခရီးသွားပြည်သူများအနေဖြင့် မြိုပတ်ရထားများကို ယခင်ကထက် ပိုမိုမြန်ဆန်အဆင်ပြေချောမွေ့ စွာဖြင့် လိုရာခရီးသို့ စီးနင်းသွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းများအတွက် အကြိုအင်ဂျင်နီယာ လုပ်ငန်းများကို ၂၀၁၅ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ဆောင်ရွက်ခဲ့ကာ တည်ဆောက်ရေးကာလကို ၂၀၁၇ ခုနှစ်တွင် စတင်ဆောင်ရွက်နိုင်ခဲ့သလို ဆောင်ရွက်ပြီးဖြစ်သည့် စီမံကိန်းလုပ်ငန်းများနှင့်အတူ စပိန်နိုင်ငံမှဝယ်ယူရောက် ရှိလာသည့်ခေတ်မီ DEMU လေအေးစက်ပါ ရထားတွဲဆိုင်းအသစ်များအသုံးပြုပြီး မြိုပတ်ရထားစီး ခရီးသွားပြည်သူများကို ပိုမိုအဆင်ပြေကောင်းမွန်သည့် ဝန်ဆောင်မှုများ တိုးမြှင့်ဆောင်ရွက်ပေးနိုင်တော့မည်ဖြစ်သည်။
ထို့ပြင် အလိုအလျောက်မီးရောင်ပြောင်းအချက်ပြနှင့် ဆက်သွယ်ရေးစနစ်များတပ်ဆင်ပြီး ခေတ်မီရထားပြေးဆွဲမှုစနစ်ဖြစ်သည့်အတွက် ယခင်က ပြေးဆွဲမှု တစ်နာရီကီလိုမီတာ ၄၀ နှုန်းမှ ကီလိုမီတာ ၆၀ နှုန်းအထိ တိုးမြှင့်ပြေးဆွဲနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။