၂၉.၁၁.၂၀၂၄
Written By Zun
AA အဖွဲ့ကို ထောက်ခံသည့်အပြင် လှုံ့ဆော်မှုများပါပြုလုပ်သည့် အငြိမ်းစား ရဲမှူးတစ်ဦးကို သက်ဆိုင်ရာက ဖမ်းဆီးလိုက်ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သည့်အသိုင်းအဝိုင်းက သိရသည်။
အဖမ်းခံရသူမှာ ယခင်က သာကေတမြို့မရဲစခန်းတွင် တာဝန်ကျခဲ့ဖူးသည့် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်၊ အမှတ်(၇) အနောက်ရပ်ကွက်၊ အောင်ချမ်းသာလမ်း၊ အမှတ် (၁၁၅၁/ခ)(ပထမထပ်)တွင် နေထိုင်သူ ရဲမှူး(ငြိမ်း) ဦးရွှေဇံ ဖြစ်ပြီး ယင်းမှာ ရခိုင်တိုင်းရင်းသားတစ်ဦးလည်းဖြစ်ကြောင်း သိရသည်။
“သူက လှုပ်လှုပ်ရွရွ မနေတတ် မထိုင်တတ်၊ ခပ်ပွေပွေ။ ပြီးတော့ အငြိမ်းစားဆိုတော့ သူက အစိုးရဝန်ထမ်းမဟုတ် တော့ဘူးဆိုပြီး သူ့စိတ်ထင်သလို နေတယ်။ ရဲမှူးတစ်ယောက်လုပ်ခဲ့တဲ့သူအနေနဲ့ AA နဲ့ပတ်သက်ပြီး ရခိုင်ဖြစ်လို့ ရခိုင်ဘက်ကို လိုက်တယ် ဆိုတဲ့ ဘက်လိုက်တာ။ အမှန်အတိုင်း ပြောရရင် သူက အဂတိကင်းစင်တဲ့ ရဲတစ်ယောက်လည်း မဟုတ်ဘူး။ အခုဖမ်းသွားတာဟုတ်တယ်။Facebook မှာ လျှောက်ရေးတာလေ သူက။ သူ့ကိုဖမ်းတာက အရေးမကြီးဘူး။ ကျန်တဲ့ ရန်ကုန်မှာနေတဲ့ ရခိုင်တွေအတွက် အကျပ်အတည်း ဖြစ်လာနိုင်တယ်”ဟု သာကေတမြို့နယ်တွင် နေထိုင်သည့် ဦးရွှေဇံနှင့် ရင်းနှီးသူတစ်ဦးက MT News ကို ပြောသည်။
ဦးရွှေဇံမှာ အသက် ၆၇ နှစ်အရွယ်ရှိပြီး လူမှုကွန်ရက်ပေါ်၌ ရခိုင်-ဗမာ ခွဲခြားမှုများအတွက် လှုံ့ဆော်သည့်စာများကို ရေးသားခြင်းများ ပြုလုပ်ကြောင်း သိရသောကြောင့် နိုဝင်ဘာလ ၂၆ ရက်၊ ညနေ ၆ နာရီကျော်အချိန်တွင် ၎င်းနေအိမ်၌ လုံခြုံရေးပူးပေါင်းအဖွဲ့က ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးချိန် ယင်းအသုံးပြုနေကြ Iphone 13 Pro ၁ လုံး၊ Redmi K 30 လက်ကိုင်ဖုန်းကိုလည်း တွေ့ရှိခဲ့ကြောင်း၊ စစ်ဆေးချက်များအရ ဦးရွှေဇံအား စစ်ဆေးချက်အရ “Shwe Zan” အမည်ဖြင့် ဖွင့်ထားသော Facebook Account တွင် AA အဖွဲ့ကိုထောက်ခံထားသည့် Post များတင်ခြင်း၊ ထပ်မံဖြန့်ဝေခြင်းများ ပြုလုပ်ထားသည်ကို စိစစ်တွေ့ရှိခဲ့ကြောင်းလည်း သိရသည်။
ယခုအခါ ဦးရွှေဇံအား သာကေတနယ်မြေရဲစခန်းတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူ ရန် လုပ်ဆောင်နေကြောင်း သိရသည်။