၂၉ .၁၁.၂၀၂၄
Written by Hey Mar
အိပ်ပျော်သွားရင် ကြောက်စရာကောင်းတဲ့ အိပ်မက်ဆိုးတွေပဲ မက်နေတာကြောင့်လို့ဆိုကာ အသက် ၁၈ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ပေါင်းသတ်ဆေးသောက် အဆုံးစီရင်တဲ့ဖြစ်စဉ် ဒီနေ့ နိုဝင်ဘာ ၂၉ ရက် မနက်အစောပိုင်းက မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်က ပျော်ဘွယ်မြို့နယ်၊ တောင်လည်အုပ်စု၊ တောင်ချောင်းကျေးရွာမှာ ဖြစ်ပွားခဲ့ပြီး အချိန်မီဆေးရုံတင်ပို့ကုသပေမယ့် ဒီနေ့ နေ့လယ်မှာ သေဆုံးတာကြောင့် မျိုးဆက်သစ်မြတ်ပါရမီလူမှုကူညီရေးအသင်းက မိတ္ထီလာပြည်သူ့ဆေးရုံကြီးမှ နေရပ်ကျေးရွာသုသာန်ဆီ ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။
မျိုးဆက်သစ် မြတ်ပါရမီလူမှုကူညီရေးအသင်းတာဝန်ရှိသူက “သေဆုံးသူက အိပ်မပျော်တဲ့ ဝေဒနာ ခံစားနေရတာ သူအိမ်ထောင်ကျကတည်းက တစ်နှစ်လောက်ရှိနေပြီလို့ သူ့မိဘတွေက ပြောပြတယ်။ ညဘက်ဆို အိပ်ပျော်တာနဲ့ ကြောက်စရာ အိပ်မက်ဆိုးတွေ အမြဲမက်နေလို့ စိတ် ကယောင်ခြောက်ခြား ဖြစ်နေရာက ပေါင်းသတ်ဆေးသောက်လိုက်တာလို့တော့ သိရတယ်ခင်ဗျ” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။