◾ NUG နှင့် Chinland Council က လေကြောင်းတိုက်ခိုက်မှုအပေါ် ရှုတ်ချချက် ထုတ်ပြန်ခဲ့စဥ်က သေဆုံးသူ ၅ ဦးကို အရပ်သားများဟု လိမ်လည်ဖုံးကွယ် ထုတ်ပြန်ခဲ့ကြ
◾ အများပြည်သူပိုင် ဆေးခန်းကို အကာအကွယ်ပြုသည့် လက်နက်ကိုင် CNO/ CNDF အား ZPO ရှုတ်ချ
၂၉. ၁၁. ၂၀၂၄
Written by Nay Moe
ဖလမ်းမြို့နယ်၊ ဇင်နိယက်ဒေသရှိ လုမ်သဲရွာဆေးခန်းကို နိုဝင်ဘာ ၂၆ ရက်က လေကြောင်းတိုက်ခိုက်ခံရမှုတွင် သေဆုံးသူ ၇ ဦးအနက် ၅ ဦးမှာ ဆေးခန်းကို အကာအကွယ်ယူထားသည့် CNO/ CNDF လက်နက်ကိုင်များဖြစ်နေသည်ဟု ဇင်နိယက်ဒေသခံ လက်နက်ကိုင်အဖွဲ့ဖြစ်သော CDF Zanniatram ၏ မိခင်အဖွဲ့အစည်းဖြစ်သော ZPO (Zanniatland People’s Organization) ရုံးချုပ်က ကြေညာချက်ထုတ်ပြန်ထားသည်။
ZPO ၏ ထုတ်ပြန်ချက်အရ CNO/CNDF (Chin National Organization/ Chin National Defense Force) သည် ဖလမ်းမြို့သိမ်းတိုက်ပွဲ မဖော်ဆောင်ခင် ၂၀၂၄ ခုနှစ် အောက်တိုဘာလ တတိယအပတ်မှစ၍ Timmy (AGS, CNO) ဦးဆောင်၍ အများပြည်သူ အသုံးပြုရာ ဆေးခန်း ခြံဝန်းအတွင်း တစ်နေရာတွင် ဗုံးခိုကျင်း တူးဖော် ဆောက်လုပ်ခဲ့ပြီး CNDF ရဲဘော်များ ၎င်းဆေးခန်းသို့ ဝင်ထွက် သွားလာစေခဲ့သည်။ ထို့အပြင် ဖလမ်းတိုက်ပွဲအတွင်း ဒဏ်ရာရ ချင်းလက်နက်ကိုင်များကို ကျေးရွာလူကြီး အများစု အလိုမရှိမှုကို လျစ်လျူရှုကာ ထိုဆေးခန်းတွင် ဆေးကုသ ထားရှိစေသည်ဟုလည်း ဖော်ပြထားသည်။
ထို့နောက် နိုဝင်ဘာ ၂၆ ရက်တွင် ချင်းလက်နက်ကိုင် CNO/ CNDF များ အခြေပြု အကာအကွယ်ယူရာ လုမ်သဲဆေးခန်းကို လေကြောင်းတိုက်ခိုက်ခဲ့သဖြင့် ဆေးဝန်ထမ်း (၂) ဦး နှင့် CNDF (Chin National Defense Force) လက်နက်ကိုင် (၅) ဦး သေဆုံးခဲ့ရပြီး အရပ်သား (၄) ဦး ဒဏ်ရာရရှိကာ ဆေးခန်းအဆောက်အဦ (၃) လုံးစလုံးပျက်စီးသည့်အပြင် နေအိမ် (၆) လုံးပါ ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု ZPO ကဆိုသည်။
ထိုဖြစ်စဥ်အတွက် ဆေးခန်းကို လေကြောင်းတိုက်ခိုက်မှုနှင့်အများပြည်သူပိုင် အဆောက်အဦဆေးခန်းကို အကာအကွယ်ပြုရာ နေရာအဖြစ် အသုံးပြုသည့် လက်နက်ကိုင် CNO/CNDF အဖွဲ့၏ လုပ်ရပ်ကိုလည်း ရှုတ်ချကြောင်း ZPO က ပြောသည်။
အဆိုပါဖြစ်စဥ်ကို NUG ၏ ကျန်းမာရေးဝန်ကြီးဌာနနှင့် Chinland Council တို့ ထုတ်ပြန်စဥ်က လေကြောင်းတိုက်ခိုက်ခံရမှုမှာ CNO/ CNDF များ ဆေးခန်းကို ခြေကုပ်စခန်းချမှုနှင့် သေဆုံးသူများတွင် ငါးဦးမှာ CNO/CNDF များဖြစ်သည်ကို လိမ်လည် ဖုံးကွယ်၍ ဆေးခန်းတိုက်ခိုက်ခံရမှုနှင့် ကျန်းမာရေးဝန်ထမ်း ၂ ဦး သေဆုံးခဲ့သည်ကိုသာ အလေးပေးဖော်ပြခဲ့သည်။ သို့သော် MT News စုံစမ်းမှုအရ သေဆုံးသည့် ကျန်းမာရေးဝန်ထမ်းနှစ်ဦးမှာလည်း ချင်းလက်နက်ကိုင်တပ်များ၏ ဆေးတပ်သားများသာဖြစ်သည်ဟုလည်း သိရသည်။
ပုံစာ။ ZPO ဖော်ပြလိုက်သော လုမ်သဲရွာဆေးခန်းတိုက်ခိုက်ခံရမှုတွင် သေဆုံးသူ ၅ ဦးမှာ CNO/CNDF လက်နက်ုင်များဖြစ်နေကြောင်း ရှုတ်ချချက်နှင့် NUG နှင့် Chinland Council တို့၏ လိမ်လည်ထုတ်ပြန်ချက်။