MT News
Written By Myo Khine
ထိုင်း-မြန်မာ နယ်စပ်ဖြစ်သော မြဝတီ – မဲဆောက် ချစ်ကြည်ရေးအမှတ် (၁) တံတားကို ယခုလအတွင်း အတိအကျ ပြန်ဖွင့်ဖြစ်မည်ဖြစ်ကြောင်း ကရင်ပြည်နယ် အစိုးရအဖွဲ့က ပြောကြားသည်။
“ကရင်ပြည်နယ်အစိုးရကနေ နိုင်ငံခြားရေးဝန်ကြီးဌာနကို စာတင်ထားသေးတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနကနေ စာမလာသေးဘူး။ လဝက ဘက်ကလည်း ပူးပေါင်းဆောင်ရွက်ရမယ်။ ပြည်နယ်အစိုးရအဖွဲ့ကို စာပြန်လာမှသေချာသိရမယ်။ အခုလအတွင်းမှာတော့ သေချာပေါက် ဖွင့်မှာပါ။ ပြင်ဆင်နေကြတာတွေ လုပ်နေကြပြီ။နိုင်ငံခြားရေးဝန်ကြီးဌာနကနေ စာပြန်လာပြီး နောက်ထပ် ဘယ်လို လုပ်ရဦးမလဲဆိုတာ မသိရသေးဘူး။ ဒီလ တတိယအပတ်ထက်တော့ နောက်မကျနိုင်ပါဘူး”ဟု အဆိုပါ အဖွဲ့၏ တာဝန်ရှိသူက MT News သို့ ပြောသည်။
လက်ရှိ ဖွင့်ပေးထားသော မြဝတီ အမှတ်(၂ ) ချစ်ကြည်ရေးတံတားမှ ထိုင်းနိုင်ငံဘက်သို့ ကုန်တင်ယာဉ်များဖြတ်သန်းမောင်းနှင်သည့်အခါ ယာဉ်မောင်း၊ယာဉ်နောက်လိုက်နှစ်ဦး ခွင့်ပြုပေးကာ ထိုင်းနိုင်ငံဘက်က လူ ငါးဦးအထိခွင့်ပြုသည်။ ယခင်ကထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ် သောင်ရင်းမြစ် တလျှောက်ဖွင့်လှစ်ထားသည့် ဂိတ်များကို လုံခြုံရေးအရ ပိတ်ထားဆဲ ဖြစ်ကြောင်း သိရသည်။
ထိုင်း – မြန်မာ နယ်စပ်၊ မဲဆောက် – မြဝတီ နယ်စပ်မှ ချစ်ကြည်ရေးအမှတ် ၁ တံတား နှင့် ချစ်ကြည်ရေးအမှတ် ၂ တံတား ဟူ၍ တံတား၂ စင်းရှိသည့်အနက် အမှတ် ၁ တံတားမှာ မြဝတီ -မဲဆောက် ဒေသခံပြည်သူများ နှစ်နိုင်ငံ အလည်ဗီဇာနှင့် နှစ်နိုင်ငံ ဖြတ်ကျော်ကူးသန်းသွားလာရေး အပါအဝင်ကုန်စည်ကူးသန်းရောင်းဝယ်ရေးအတွက် မော်တော်ယာဉ်အသေးများကိုသာ ဖြတ်သန်းခွင့်ပြုသည့်တံတားဖြစ်သည်။
အဆိုပါ မြဝတီ – မဲဆောက် ချစ်ကြည်ရေးအမှတ် (၁) တံတားကို သောင်းရင်းမြစ်ကိုဖြတ်၍ အရှည် (၄၂၀) မီတာ၊ အကျယ် (၁၃) မီတာ တည်ဆောက်ထားသော တံတားဖြစ်ကြောင်း ၊ထိုင်း – မြန်မာနှစ်နိုင်ငံသဘောတူညီမှုအရ လွန်ခဲ့သော ၁၉၉၇ ခုနှစ်၊ဩဂုတ်လ ၁၅ ရက်က ဖွင့်လှစ်အသုံးပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ မြဝတီ – မဲဆောက် ချစ်ကြည်ရေးအမှတ် (၁) တံတားကို ကိုဗစ်ကပ်ရောဂါကြောင့် ပိတ်ထားရသည်မှာလည်း ၃ နှစ်ခန့်ကြာပြီဖြစ်ကြောင်း သိရသည်။