၂၃. ၁၁. ၂၀၂၄
Written by Nay Moe
မွန်ပြည်နယ်၊ ရေးမြို့နယ်က အာယုတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို ရေးဘီလူးအဖွဲ့က ဒီနေ့ နိုဝင်ဘာ ၂၃ ရက် နံနက်ပိုင်းက ကားတစ်စီးနဲ့ရောက်လာပြီး အလစ်ပစ်ခတ်တိုက်ခိုက်ထွက်ပြေးတာကြောင့် အုပ်ချုပ်ရေးမှူးအပါအဝင် လူ လေးဦး ဒဏ်ရာရခဲ့ပါတယ်။
ဖြစ်စဥ်မှာ ဒီနေ့ မနက် ၁၀ နာရီအချိန်ခန့်က အာယုတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို ရေးဘီလူးအဖွဲ့က သစ်သားတန်းတွေ အမာခံထားတဲ့ ကန်တာမြေသယ်ယာဥ်နဲ့ ရောက်လာပြီး ရုံးအနီးရောက်ချိန်မှ အလစ်ပစ်ပြီး မောင်းနှင်ထွက်ပြေးသွားတာကို ရေးဘီလူးတင်ထားတဲ့ ရုပ်သံမှာမြင်ရပြီး ရေးဘီလူးကတော့ သူတို့အလစ်ပစ်လို့ ဒဏ်ရာရသူ အာယုတောင်ရွာအုပ်ချုပ်ရေးမှူးဦးလင်းဦးဟာ ပြည်သူ့စစ်ခေါင်းဆောင်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
ရေးဘီလူးအဖွဲ့ အလစ်ဝင်ရောက်ပစ်ခတ်မှုကြောင့် အာယုတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ ပြည်သူ့စစ်ခေါင်းဆောင် ဦးလင်းဦးဟာ လည်ပင်းယာဘက် ကျည်ထိဒဏ်ရာ၊ ဝမ်းဗိုက်ယာဘက်ခြမ်း ကျည်ထိဒဏ်ရာ၊ ယာ ဘက်လက်ဖျံ ကျည်ဖောက်ဝင် အရိုးကျိုးဒဏ်ရာ၊ ဝဲဘက်လက်မောင်း ကျည်ဖောက်ဝင်ဒဏ်ရာတွေနဲ့ စိုးရိမ်ရ ဒဏ်ရာရခဲ့သလို သာမန်ပြည်သူတွေဖြစ်တဲ့ အသက် ၅၃ နှစ်ခန့်အရွယ်တွေဖြစ်တဲ့ ဦးအောင်ဝင်းနဲ့ ဒေါ်မြင့်စန်းတို့လည်း မစိုးရိမ်ရဒဏ်ရာတွေ ရခဲ့တဲ့အပြင် ပြည်သူ့စစ်အဖွဲ့ဝင် ကိုနောင်နောင်လည်း ယာပေါင်ကျည်ဖောက်ဝင် ဒဏ်ရာ ၁ ချက် ရရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၆ ရက်နေ့ကလည်း အာယုတောင်ကျေးရွာ အုပ်ချုပ်ရေးမှုးရုံးမှာ ရှိနေတဲ့ ပြည်သူ့စစ်အဖွဲ့ကို မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့) NMSP-AD က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ပြည်သူ့စစ်အဖွဲ့ဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ NMSP – AD က ထုတ်ပြန်ဖော်ပြခဲ့ပါသေးတယ်။