MT News
Written By Myo Khine
ထိုင်းနိုင်ငံ မိုးပျံတံတားတစ်စင်းပေါ်မှ ဆိုင်ကယ်ဖြင့် ပြုတ်ကျ၍ မြန်မာတစ်ဦး သေဆုံးမှု ဇန်နဝါရီ ၆ ရက် နံနက်အစောပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပြုတ်ကျသေဆုံးခဲ့သူမှာ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ တလုပ်ကုန်းကျေးရွာနေ အသက် ၂၆ နှစ်ခန့်အရွယ် ကိုဦးဆိုသူ ဖြစ်ပြီး မိုးပျံလမ်းပေါ်ရှိ ဂငယ်ကွေ့ တွင် အကာအရံများကို ဆိုင်ကယ်ဖြင့် ပွတ်တိုက်မိပြီးနောက် ပြုတ်ကျသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သေဆုံးသူ၏ မိတ်ဆွေတစ်ဦးထံမှ သိရသည်။
ယင်းအခင်း ဖြစ်ပွားရာနေရာသို့ ဘန်ဖီဆေးရုံ ကယ်ဆယ်ရေးအဖွဲ့ နှင့် ပရဟိတ လူမှူကူညီရေး စေတနာ့ဝန်ထမ်းများက ကူညီဆောင်ရွက်ပေးသော်လည်း တံတားပေါ်က ပြုတ်ကျသည့်အတွက် လည်ပင်းကျိုးသည့် ပြင်းထန်သော ဒဏ်ရာရရှိကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“နောင်ဘဝဆက်တိုင်း ဒီလိုအဖြစ်ဆိုးမျိုးနဲ့မကြုံပါစေနဲ့ ကိုဦးရေ။ ဘာပြောရမှန်းမသိအောင် ရင်တွေကွဲရပါတယ်။ မောင်လေး ငယ်သေးတယ်။ ကောင်းရာဘုံဘဝရောက်ပါစေ။ ပြုသမျှကုသိုလ်တိုင်းကိုလည်း သာဓုခေါ်နိုင်ပါစေ”ဟု သေဆုံးသူ၏ မိတ်ဆွေတစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်။