◾အနုတ် ၆ ရာခိုင်နှုန်းခန့်ကျဆင်းခဲ့သည့် မြန်မာ့စီးပွားရေးကို အပေါင်း ၂ ဒသမ ၄ အထိ တိုးတက်စေခဲ့သဖြင့် SAC လက်ထက် စီးပွားရေးတိုးတက်မှု ၈ ရာခိုင်နှုန်းခန့်ရှိ
၇. ၁. ၂၀၂၃
Written by Tha Doe
NLD အစိုးရကာလ နိုင်ငံ့စီးပွားရေးကျဆင်းမှုများမှာ ပြည်ပအကူအညီမှီခိုမှုများခြင်း၊ ပြည်တွင်းစီးပွားရေးအားမပေးခြင်းနှင့် စီမံခန့်ခွဲမှုညံ့ဖျင်းခြင်းများကြောင့်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇန်နဝရီ ၆ ရက်တွင် ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့်ဒေသ ဥက္ကဋ္ဌများနှင့် တွေ့ဆုံချိန်လမ်းညွှန်အမှာစကားတွင် ထည့်သွင်းပြောကြားသည်။
မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့်ပတ်သက်၍ တပ်မတော်အစိုးရ လက်ထက်ကတည်းက ဈေးကွက်စီးပွားရေးစနစ်ကို လမ်းခင်းဆောင်ရွက်ပေးခဲ့ပြီး ၂၀၁၁ ခုနှစ် ဒီမိုကရေစီစနစ် စတင်လျှောက်လှမ်းချိန်၌လည်း ဈေးကွက်စီးပွားရေးစနစ်ကို ဆက်လက်ကျင့်သုံးခဲ့ရာ USDP အစိုးရပထမ သက်တမ်းငါးနှစ်အတွင်း နိုင်ငံ၏ GDP တိုးတက်မှုနှုန်းမှာ ၈ ဒသမ ၄ ရာခိုင်နှုန်းထိတိုးတက်ခဲ့သည်။
ဒုတိယအစိုးရသက်တမ်း NLD အစိုးရဟောင်းလက်ထက်တွင် ၃ ဒသမ ၂ ရာခိုင်နှုန်းထိကျဆင်းခဲ့ပြီး ထိုသို့စီးပွားရေးကျဆင်းခဲ့မှုများကို စီးပွားရေး ကဏ္ဍမှတာဝန်ရှိသူများအနေဖြင့် လေ့လာရန်လိုအပ်ကြောင်းနှင့် ယင်းကာလ စီးပွားရေးကျဆင်းခဲ့မှုများမှာ ပြည်ပ၏အကူအညီ အထောက်အပံ့များကို မှီခိုမှုများပြားခြင်းနှင့် ပြည်တွင်းစီးပွားရေး ကိုအားပေးမှုမရှိခြင်း၊ စီမံခန့်ခွဲမှုအားနည်းချက်များရှိခြင်းကြောင့် စီးပွားရေးကျဆင်းခဲ့သည်ဟုယူဆကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ နိုင်ငံတော်တာဝန်များကို စတင်ထမ်းဆောင်ချိန်တွင် ယခင်အစိုးရလက်ထက်မှ စီးပွားရေးကျဆင်းခဲ့မှု၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် ကမ္ဘာ့စီးပွားရေးကျဆင်းခဲ့မှုများကြောင့် အနုတ် ၅ ဒသမ ၉ ရာခိုင်နှုန်းထိ ကျဆင်းခဲ့မှုကြုံခဲ့ရသည်။
သို့သော် SAC အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး လုပ်ငန်းများဆောင်ရွက်ခြင်းနှင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို အားပေးဆောင်ရွက်ခဲ့ရာ ၂၀၂၁-၂၀၂၂ ခုနှစ် ပထမ ၆ လတာကာလအတွင်း အပေါင်း ၂ ဒသမ ၄ ရာခိုင်နှုန်းသို့ ပြန်လည်ရောက်ရှိလာခဲ့သဖြင့် SAC လက်ထက် စီးပွားရေးမှာ ၈ ရာခိုင်နှုန်းခန့် ပြန်လည်တိုးတက်လာခြင်းဖြစ်ကြောင်းနှင့် ၂၀၂၁-၂၀၂၂ ခုနှစ် ဒုတိယ ၆ လတာကာလတွင် ၃ ဒသမ ၄ ရာခိုင်နှုန်းထိပြန်လည် တိုးတက်လာခဲ့သည်ဟု ဆိုသည်။ ထိုသို့ တိုးတက်လာခြင်းမှာ ပြည်တွင်းစီးပွားရေး လုပ်ငန်းများကို အားပေးဆောင်ရွက်လျက်ရှိသကဲ့သို့ ပြည်တွင်း၌ ရှိသည့် ရေသယံဇာတ၊ မြေသယံဇာတများ၊ လယ်ယာ၊ သားငါးကဏ္ဍများ၊ သစ်တောကဏ္ဍများ၊ လူသားအရင်းအမြစ်များ၏ ဆောင်ရွက်နိုင်မှုများကို အသုံးချနိုင်မှု ကြောင့် နိုင်ငံစီးပွားရေးတိုးတက်လာခဲ့ခြင်းဖြစ်၍ အဆိုပါ အတွေ့အကြုံများကိုယူ၍သာ ဆက်လက် ဆောင်ရွက်သွားမည်ဆိုပါက မြန်မာနိုင်ငံး စီးပွားရေးသည် ယခုထက်ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်းလည်း SAC ဥက္ကဋ္ဌက ပြောကြားသည်။