၂၃.၁၁. ၂၀၂၄
Translated by Htwe Ko Tun
အမေရိကန်အစိုးရက တရုတ်ပြည်သူ့သမ္မတနိုင်ငံ အနောက်ပိုင်း ယူအီဂါလူမျိုးစုတို့ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးနယ်မြေဖြစ်တဲ့ ရှင်းကျန့်ပြည်နယ်အတွင်းမှာ အတင်းအဓမ္မလုပ်အားရယူခိုင်းစေပြီး ထုတ်လုပ်ခဲ့တာဆိုတဲ့ တရုတ်ကုမ္ပဏီ ၂၉ ခုက ထုတ်လုပ်တဲ့ သွင်းကုန်ပစ္စည်းတွေကို ပိတ်ဆို့နိုင်ဖို့ အဲဒီကုမ္ပဏီတွေကို အဓမ္မလုပ်အားရယူမှုနဲ့ အမည်မည်းစာရင်းသွင်းခဲ့ပါတယ်။
ဒီလိုအမှုနဲ့ အမေရိကန်က အရေးယူဆောင်ရွက်ခဲ့တဲ့ တရုတ်ကုမ္ပဏီပေါင်း ၁၀၀ ကျော်ရှိလာခဲ့တယ်လို့လည်း သိရပါတယ်။
အဲဒီကုမ္ပဏီ ၂၉ ခုက ထုတ်လုပ်တဲ့ပစ္စည်းတွေမှာ ပိုလီဆီလီကွန် ဓာတုဒြပ်ပေါင်းလို အဆင့်မြင့် နည်းပညာသုံးထုတ်ကုန်တွေကစလို့ ခရမ်းချဉ်သီးအနှစ်လို စားသောက်ကုန်တွေထိပါတယ်လို့ အမေရိကန်အစိုးရရဲ့ အမိမြေလုံခြုံရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၂၂ ရက်မှာ ကြေညာခဲ့ပါတယ်။ ဒီလို တရုတ်ကုမ္ပဏီ ၂၉ ခုကို အမည်မည်းစာရင်းသွင်းကန့်သတ်မှုက နိုဝင်ဘာလ ၂၅ ရက်မှာ စတင် အကျိုးသက်ရောက်မယ်လို့လည်း ဆိုပါတယ်။
အမေရိကန်ကွန်ဂရက်က ယူအီဂါအဓမ္မလုပ်အားရယူမှုတားဆီးရေးအက်ဥပဒေ(UFLPA) ကို ၂၀၂၁ ခုနှစ်မှာ အတည်ပြုပြဌာန်းခဲ့ပါတယ်။ ဒီအက်ဥပဒေက ယူအီဂါ လူမျိုးစုတို့ရဲ့ ရှင်းကျန့်ပြည်နယ်အတွင်း အဓမ္မ လုပ်အားရယူထုတ်လုပ်ခဲ့တဲ့ပစ္စည်းတွေ အမေရိကန်နိုင်ငံအတွင်း ဝင်ရောက်မလာအောင် တားဆီးတာပါပဲ။ ဒီအက်ဥပဒေအရ အဓမ္မလုပ်အားရယူခဲ့တဲ့၊ လူ့အခွင့်အရေး အလွဲသုံးစားလုပ်ခဲ့တဲ့ လူပုဂ္ဂိုလ် ဒါမှမဟုတ် ကုမ္ပဏီတွေကို ပိတ်ဆို့မှုတွေပြဌာန်းရမှာပါ။
ရှင်းကျန့်ပြည်နယ်ရဲ့ သုံးပုံနှစ်ပုံခန့်ရှိမယ့် ၂၆ သန်းနီးပါးရှိပြည်သူတွေက အများအားဖြင့် မွတ်ဆလင်ဘာသာဝင် ယူအီဂါတွေနဲ့ ကာဇက်လူမျိုးစုတွေပါ။ တရုတ်အစိုးရဘက်ကလည်း ရှင်းကျန့် ပြည်နယ်အတွင်း ယူအီဂါလူမျိုးစုတွေကို ပစ်မှတ်ထားပြီး တရုတ်အစိုးရက လူ့အခွင့်အရေးအလွဲသုံးစားမှုတွေ၊ လူအစုလိုက်အပြုံလိုက် ဖမ်းဆီးချုပ်နှောင်မှုတွေ၊ အဓမ္မလုပ်အားရယူမှုတွေ ပြုနေတယ်ဆိုတာ မဟုတ်မှန်ဘူးလို့ ပုံမှန် ငြင်းဆိုလာခဲ့ပါတယ်။
အမေရိကန်အစိုးရရဲ့ ပိတ်ဆို့အရေးယူမှုခံရတဲ့ တရုတ်ကုမ္ပဏီတွေအနက် သူတို့ရဲ့ထုတ်ကုန်ပစ္စည်းတွေ ထုတ်လုပ်မှုလမ်းကြောင်းတွေက အဓမ္မခိုင်းစေမှုနဲ့ ကင်းရှင်းတယ်လို့ သက်သေအထောက်အထားပြ အယူခံဝင်နိုင်တယ်လို့ သိရပါတယ်။
Ref- Bangkok Post