၂၃.၁၁.၂ဝ၂၄
Written by K Pyay Thein
ယနေ့ နံနက်ပိုင်းကဖြစ်ပွားခဲ့တဲ့ သာကေတမြို့နယ်၊ မာန်ပြေရပ်ကွက်၊ ယမုံနာလမ်းက ဂက်စ်ဆိုင်မီးလောင်မှုမှာ လူနှစ်ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းက မဟုတ်မှန်ဘူးလို့ မြေပြင်မီးလောင်ပြင်ကိုသွားရောက်ကူညီပေးခဲ့ကြတဲ့ နယ်မြေခံလူမှူကယ်ဆယ်ရေးသမားတွေက MT News ကို ပြောပါတယ်။
အဲ့ဒီမီးလောင်မှုဖြစ်စဥ်မှာ သေဆုံးသူမရှိခဲ့ဘဲ ထိခိုက်ဒဏ်ရာရသူ လေးဦးသာရှိခဲ့ပြီး မီးကူးစက်လောင်ကျွမ်းမှုကြောင့် ဂက်စ်အိုးအရောင်းဆိုင် အပါအဝင် ဆိုင်ခန်းလေးခန်းမီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။
“မနက်က မီးလောင်မှုမှာ လူနှစ်ဦးသေဆုံးခဲ့တယ်ဆိုတာ မဟုတ်ပါဘူး။ အစကတော့ Body ထွက်တယ်ပြောလို့ကျွန်တော်တို့ လိုက်ရှာ၊ လိုက်မေးကြည့်တော့ မဟုတ်ပါဘူး။ သေဆုံးသူ မရှိခဲ့ပါဘူး။ ထိခိုက်ဒဏ်ရာရသူ လေးဦးတော့ရှိခဲ့တယ်။ ထိခိုက်ဒဏ်ရာရတာက ကျား ၂၊ မ ၂ ပါ။ အဲ့ထဲက နှစ်ဦးကိုတော့ ကျွန်တော်တို့က ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ရပါတယ်။ ကျန်နှစ်ဦးကတော့ ဒဏ်ရာသိပ်မပြင်းထန်တဲ့အတွက် မြေပြင်ကုသပြုစုမှုတွေကိုပဲ လုပ်ပေးခဲ့ရပါတယ်”လို့ သာကေတ နယ်မြေခံလူမှုကယ်ဆယ်ရေးသမားတစ်ဦးက MT News ကို ပြောပြပါတယ်။
မီးသတ်တပ်ဖွဲ့ကတော့ ဒီနေ့ နိုဝင်ဘာ ၂၃ ရက်၊ နံနက် ၁ဝ နာရီ ၁၉ မိနစ်အချိန်က ရန်ကုန်မြို့၊ သာကေတမြို့နယ်၊ ၃/မာန်ပြေရပ်ကွက်၊ ယမုံနာလမ်းမီးလောင်မှုကို Level -1 ယာဉ်အုပ်စုတွေနဲ့ ထွက်ခွာငြှိမ်းသတ်ခဲ့ရတယ်လို့ ဆိုပါတယ်။
“မီးကဂက်စ်ကနေ စပြီး လောင်တယ်ပေါ့။ ဂက်စ်အိုးတွေဆိုတော့ နည်းနည်းပေါက်ကွဲတာရှိပါတယ်။ အဲ့မှာ ထိခိုက်ဒဏ်ရာရသူအချို့တော့ ရှိတယ်။ သေဆုံးတာက မရှိပါဘူး။ ကျွန်တော်တို့အဖွဲ့က မီးလောင်မှုဖြစ်စဉ်အားလုံးပြီးမှ ပြန်လာကြတာပါ။ မနက်က မီးလောင်မှုဖြစ်စဉ်မှာ သူကဂက်စ်ဆိုင်အပြင် သူ့ဘေးကဘီယာဆိုင်ရော၊ အထည်အလိပ်ရောင်းတဲ့ဆိုင်ရော မီးကူးသွားတယ်။ အားလုံးဆိုင်ခန်းလေးခန်းလောက် မီးလောင်တဲ့အထဲပါသွားတယ်”လို့ နယ်မြေခံ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ထပ်လောင်းပြောပြခဲ့ပါတယ်။
Photo – CJ