၂၃.၁၁. ၂၀၂၄
Written by Shwe Phyo
ရာသီဥတုပြောင်းလဲမှုပြဿနာများအပြင် တိုက်ပွဲများကြောင့် မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာနေသူအားလုံး၏ ၄၀ ရာခိုင်နှုန်း က ကလေးငယ်များဖြစ်ကြောင်း ကုလသမဂ္ဂ ကလေးငယ်များရန်ပုံငွေအဖွဲ့( UNICEF) ကပြောသည်။
UNICEF ၏ ဒုတိယအကြီးအကဲတစ်ဦးဖြစ်သူ တက်ချီဘီယာဘမ်က “မြန်မာနိုင်ငံရဲ့လူသားချင်းဆိုင်ရာ စာနာမှုအကူအညီ လိုအပ်ချက်တွေဟာ အရေးကြီးတဲ့ အခြေအနေမျိုးကိုရောက်ရှိနေတယ်။ ရာသီဥတုပြောင်းလဲမှုအပြင် တိုက်ပွဲတွေကြောင့် ကလေးငယ်တွေနဲ့ မိသားစုတွေဟာ အန္တရာယ်ဖြစ်ရမယ့် အခြေအနေမျိုးကို ရင်ဆိုင်နေရတယ်။ နိုင်ငံတဝှမ်းမှာ နေရပ်စွန့်ခွာနေထိုင်နေရသူ အားလုံးအရေအတွက်ဟာ ၃ ဒသမ ၄သန်း ဝန်းကျင်ဖြစ်ပြီး ကလေးငယ်အရေအတွက်က ၄၀ ရာခိုင်နှုန်းဖြစ်တယ်”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် စက်တင်ဘာလအတွင်း တိုက်ခတ်ခဲ့သော ရာဂီမုန်တိုင်းသက်ရောက်မှုကြောင့် လူပေါင်း ၄၀၀ သေဆုံးခဲ့သလို လူပေါင်းထောင်နှင့်ချီပြီး နေရပ်စွန့်ခွာထွက်ပြေးခဲ့ရာ နိုင်ငံတဝှမ်းတွင် နေရပ်စွန့်ခွာနေထိုင်နေရသူအရေအတွက် ပိုမိုမြင့်တက်လာစေခဲ့ကြောင်း သိရသည်။ ချီဘီယာဘမ်က ရာဂီတိုင်ဖွန်းမုန်တိုင်းကဲ့သို့သော ရာသီဥတုပြောင်းလဲမှုအပြင် တိုက်ပွဲများက ကလေးငယ်များအပေါ်ကြီးမားသောသက်ရောက်မှုဖြစ်စေခဲ့ပြီး ကလေးငယ်များ၏ ပညာရေး၊ ကျန်းမာရေး ပြတ်တောက်ခဲ့ရသလို အကြမ်းဖက်ခံရမှုများကိုလည်း ရင်ဆိုင်ခဲ့ရကြောင်း ပြောသည်။
မြန်မာနိုင်ငံရှိ ကလေးငယ်များအနက် ကလေးငယ် ၆၅၀ ကျော်သည် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် သေဆုံး၊ ဒဏ်ရာရခြင်းများရှိခဲ့ကြောင်း၊ UNICEF က ဖော်ပြထားသည်။ မြန်မာနိုင်ငံတွင် ပေါက်ကွဲစေသောပစ္စည်းများနှင့် မြေမြှုပ်မိုင်းများကြောင့် ထိခိုက်ပျက်စီးဒဏ်ရသူအရပ်သား ၁၀၀၀ ကျော်၏ သုံးပုံတစ်ပုံက ကလေးငယ်များဖြစ်နေကြောင်းလည်း UNICEF က ဖော်ပြထားသည်။
“စာသင်ကျောင်းများ၊ လူနေအိမ်များ၊ ဆေးရုံများအပါဝင် အရပ်သား ဧရိယာများမှာ လူသေဆုံးစေတဲ့ လက်နက်များအသုံးပြုမှုမြင့်တက်ခြင်းဟာ ကလေးငယ်များအတွက် ဘေးကင်းစိတ်ချရေးကို အကန့်အသတ်ဖြစ်လာစေခဲ့သလို ကလေးငယ်တွေရဲ့ဘေးကင်းလုံခြုံရေးကိုများစွာ ထိခိုက်လာစေခဲ့တယ်” ဟု ပြောသည်။
Ref: UN