၂၃.၁၁. ၂၀၂၄
Translated by Htwe Ko Tun
ရုရှားနိုင်ငံက အသစ်ထုတ်လုပ်ခဲ့တဲ့ တာလတ်ပစ် ဟိုက်ပါဆိုးနစ် တိုက်ချင်းပစ်ဒုံးပျံ Oreshnik ကို တိုက်ပွဲတွေမှာ အသုံးပြုရင်း စမ်းသပ်သွားမယ်လို့ ရုရှားသမ္မတပူတင်က နိုဝင်ဘာလ ၂၂ ရက်က ပြောကြားခဲ့ပြီး ဒုံးပျံသစ်အရေအတွက်ကိုလည်း စမ်းသပ်ပစ်ခတ်ဖို့ အသင့်ထုတ်လုပ်ထားပြီလို့ ဆိုခဲ့ပါတယ်။
ယူကရိန်းဘက်က ရုရှားနိုင်ငံအတွင်း အမေရိကန်တိုက်ချင်းပစ်ဒုံးပျံတွေနဲ့ နိုဝင်ဘာလ ၁၉ ရက်၊ ယူနိုက်တစ်ကင်းဒမ်းရဲ့ တာဝေးပစ် Storm Shadow ဒုံးပျံတွေနဲ့ နိုဝင်ဘာလ ၂၀ ရက်တို့မှာ ပစ်ခတ်ခဲ့ပြီးနောက် ရုရှားကလည်း နိုဝင်ဘာလ ၂၁ ရက်မှာ နျူကလီးယားထိပ်ဖူးသယ်ဆောင်နိုင်တဲ့ တာလတ်ပစ် Oreshnik ဒုံးပျံကို ပထမဆုံးအကြိမ်အသုံးပြုပြီး တန်ပြန်ပစ်ခတ်ခဲ့တာပါ။ ပူတင်က ဒီလိုပစ်ခတ်ရတာကလည်း ယူကရိန်းက ရုရှားနိုင်ငံကို တာဝေးပစ်ဒုံးပျံတွေနဲ့ တိုက်ခိုက်လာလို့ပဲလို့ ဆိုခဲ့ပါတယ်။
ပူတင်က ဆက်လက်ပြီး ရုရှားနိုင်ငံလုံခြုံရေးကို ခြိမ်းခြောက်လာမယ့် အခြေအနေနဲ့ လက္ခဏာတွေအပေါ် တည်ပြီး ဒီဒုံးပျံသစ်နဲ့ စမ်းသပ်တိုက်ခိုက်သွားမယ်လို့ စစ်ဘက်အကြီးအကဲတွေနဲက ရုပ်မြင်သံကြားမှ ဆွေးနွေးပွဲမှာ ပြောခဲ့တာပါ။
ရုရှားနိုင်ငံက Oreshnik ဒုံးပျံလိုပဲ ခေတ်မီလက်နက်တိုးတက်မှုတွေ ရှိနေပါတယ်။ ပူတင်ကလည်း ရုရှားအနေနဲ့ ဆက်တိုက်ထုတ်လုပ်သွားဖို့ပဲရှိတယ်။ ဒီအတွက် ဆုံးဖြတ်ချက်ကိုချပြီးပြီလို့ ဆက်ပြောခဲ့ပါသေးတယ်။ သူက မြန်မာလို သစ်အယ်သီးပင်(Hazel Tree) လို့အဓိပ္ပါယ်ရတဲ့ Oreshnik ဒုံးပျံရဲ့ ခွန်အားနဲ့ စွမ်းဆောင်နိုင်ရည်ကိုလည်း ချီးကျူးခဲ့ပါတယ်။ ဒီဒုံးပျံကို တန်ပြန်ကြားဖြတ်တိုက်ခိုက်ဖို့ လုံးဝမဖြစ်နိုင်ဘူးလို့လည်း ဆိုခဲ့ပါတယ်။
အစောပိုင်းကလည်း ရုရှားအစိုးရက ယူကရိန်းကိုထောက်ပံ့တဲ့ အနောက်အုပ်စုအနေနဲ့ မဆင်မခြင်ဆောင်ရွက်မှုတွေသာပြုလုပ်လာရင် Oreshnik ဒုံးပျံကို အသုံးပြုပစ်ခတ်ရလိမ့်မယ်လို့ ပြောခဲ့ပါတယ်။
တာလတ်ပစ်ဒုံးပျံတွေက ကီလိုမီတာ ၃,၀၀၀ မှ ကီလိုမီတာ ၅,၅၀၀ အကွာအဝေးထိပစ်ခတ်နိုင်ပြီး ရုရှားကနေ ဥရောပတိုက် ဒါမှမဟုတ် အမေရိကန်အနောက်ပိုင်းအထိ ပစ်ခတ်နိုင်ပါတယ်။ Oreshnik ဒုံးပျံက ရိုးရိုး တိုက်ချင်းပစ်ဒုံးပျံမဟုတ်ဘဲ MIRV လို့ခေါ်တဲ့ ဒုံးပျံတစ်စင်းထဲမှာ သီးခြားပစ်မှတ်တွေကို ခွဲခြားတိုက်ခိုက်နိုင်တဲ့ ထိပ်ဖူးနှစ်ခု ဒါမှမဟုတ် ဒီထက်ပိုပြီးသယ်ဆောင်နိုင်ဖို့ ဒီဇိုင်းရေးဆွဲထုတ်လုပ်ထားတဲ့ ဒုံးပျံမျိုးပါ။
ရုရှားရဲ့ မဟာဗျူဟာ ဒုံးပျံတပ်ဖွဲ့တပ်မှူး ဆာဂျီ ကာရာကာရက်ဗ်ကလည်း Oreshnik ဒုံးပျံက ရုရှားနိုင်ငံကနေ ဥရောပတစ်တိုက်လုံး ဘယ်နေရာမဆိုပစ်နိုင်တယ်လို့ ပြောခဲ့ပါသေးတယ်။
Ref- Times of India