၂၃.၁၁.၂ဝ၂၄
Written by K Pyay Thein
ရန်ကုန်မြို့၊ သာကေတမြို့နယ်၊ မာန်ပြေရပ်ကွက်၊ ယမုံနာလမ်းက ဈေးဆိုင်တန်းရှိ ဂက်စ်အိုးအရောင်းဆိုင်မှာ ဒီနေ့ နိုဝင်ဘာ ၂၃ ရက်၊ နံနက် ၁ဝ နာရီကျော်အချိန်က မီးလောင် မှုဖြစ်ပွားပြီး ဂက်စ်အိုးတွေပေါက်ကွဲလို့ ကျယ်လောင်တဲ့အသံတွေ ထွက်ပေါ်လာခဲ့တယ်လို့ အဲ့ဒီအနီးဝန်းကျင်မှာ နေထိုင်ကြသူတွေရဲ့ပြောစကားတွေအရ သိရပါတယ်။
လက်ရှိမှာတော့ ဂက်စ်အိုးအရောင်းဆိုင်မီးလောင်မှုကို ထိန်းချုပ်ထားနိုင်ပြီဖြစ်တယ်လို့ မီးသတ်တပ်ဖွဲ့က ပြောပါတယ်။
“ပိတောက်ရိပ် စားသောက်ဆိုင်က ဂက်စ်အိုးထပေါက်ပြီးမီးလောင်တာပါ။ ဘေးမှာလည်း အောင်ဂက်စ်အိုးဆိုင်ရှိပါတယ်။ အန္တရာယ်အရမ်းများပါတယ်။ အခုတော့မီးထိန်းထားနိုင်ပါပြီ။ ဂက်စ်တွေမီးလောင်ပြီးပေါက်ကွဲတာ အသံတွေကအကျယ်ကြီးပါပဲ”လို့ မာန်မြေရပ်ကွက်မှာနေထိုင်သူတစ်ဦးက မှတ်ချက်ပြုထားပါတယ်။
မီးသတ်တပ်ဖွဲ့ကတော့ ဒီနေ့ နိုဝင်ဘာ ၂၃ ရက်၊ နံနက် ၁ဝ နာရီ ၁၉ မိနစ်အချိန်က ရန်ကုန်မြို့၊ သာကေတမြို့နယ်၊ ၃/မာန်ပြေရပ်ကွက်၊ ယမုံနာလမ်းမှာ မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် သာကေတမြို့နယ်မီးသတ်စခန်းက ကနဦး မီးငြှိမ်းသတ်ယာဉ်(၃)စီးတို့နဲ့ ထွက်ခွာငြှိမ်းသတ်ခဲ့ရတယ်လို့ ဆိုပါတယ်။
အဲဒီနောက် နောက်ထပ် Level -1 ယာဉ်အုပ်စုတွေပါထွက်ခွာငြှိမ်းသတ်ခဲ့ရသလို နံနက် ၁ဝ နာရီ ၃၄ မိနစ်အချိန်မှာတော့ မီးလောင်မှုကိုထိန်းနိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
မီးလောင်မှုဖြစ်စဉ်နဲ့ ထိခိုက်ဒဏ်ရာရသူ ရှိ၊မရှိကိုလည်း လက်ရှိအချိန်မှာ အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။
ပုံစာ – မာန်ပြေယမုံနာလမ်းက ဈေးဆိုင်တန်းရှိ ဂတ်စ်အိုးအရောင်းဆိုင်မှာ မီးလောင်မှုဖြစ်ပွားနေစဉ်။
#မီးလောင်မှု #သာကေတ #ဂတ်စ်အိုး
အရောင်းဆိုင် #မာန်ပြေ #MT #mtnews