၂၃. ၁၁. ၂၀၂၄
Written by Nyein Kyaw
မြန်မာနိုင်ငံမှ အထည်ချုပ်ကို ယခင်ဝယ်ယူနေသည့်နိုင်ငံများအပြင် လက်ရှိတွင် ဥပရောပသမဂ္ဂအဖွဲ့ဝင် ပိုလန်နိုင်ငံနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများက ဝယ်ယူမှုမြင့်တက်လာကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။
“ပိုလန်ပေါ့လေ။ အများဆုံးပို့တဲ့ အီးယူနိုင်ငံဆိုလို့ရှိရင် ဂျာမနီက အများဆုံးသွားတာ။ ပြီးရင် စပိန်၊ အီတလီ အဲဒီလိုသွားတာ။ အခုဆိုရင် ပိုလန်က အများကြီးဝယ်နေပြီ။ အဲဒီလိုပဲ အရှေ့အလယ်ပိုင်းက တော်တော်ဝယ်နေပြီ” ဟု မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေး မှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများက အထည်ချုပ်လုပ်ငန်းကို ပိုမိုဆောင်ရွက်လာကြသဖြင့် ဈေးကွက်ရရှိရေးအတွက် ပြိုင်ဆိုင်မှုပြင်းထန်နေသည့်ကာလလည်းဖြစ်သည်။ ထို့ကြောင့် မြန်မာ့အထည်ချုပ်လုပ်ငန်းအား ထုတ်လုပ်မှုအားကောင်းပြီး ဈေးနှုန်းသက်သာမှုအပြင် အရည်အသွေးကောင်းမွန်သည့် အခြေအနေသို့ ရောက်ရှိလာအောင် ဆောင်ရွက်နေကြောင်း သိရသည်။
“အထည်ချုပ်ရဲ့ သဘောကလေ ထုတ်လုပ်မှုအားကောင်းပြီးတော့ ဈေးသက်သာရင်လာတာပဲလေ။ အဲဒီတော့ ကျွန်မတို့အနေနဲ့က အဲဒီအပိုင်းကို လိုက်ရမှာပေါ့နော်။ ထုတ်လုပ်မှုအားကောင်းတာလည်း လိုက်ရမယ်။ ဈေးနှုန်းကလည်း မများတာကို ကျွန်မတို့လိုက်ရမယ်။ ပြီးရင် အရည်အသွေးကောင်းတာလည်း လိုက်ရမယ်။ ဘာလို့ဆို ဈေးပေါပြီးအရည်အသွေးမကောင်းရင်လည်း သူတို့မကြိုက်ဘူး။ ကိုယ်လို သူလိုနိုင်ငံက တအားများနေတာလေ” ဟု ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။
ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်ကတည်းက စတင်ကျဆင်းလာသည့် မြန်မာ့အထည်ချုပ်ကဏ္ဍမှာ ဂျပန်၊ တရုတ်၊ အီးယူနှင့် အမေရိကန်တို့မှ အော်ဒါမှာယူမှုပြန်များလာခဲ့သော ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှစတင်ကာ ပြန်လည်တိုးတက်လာခဲ့ကြောင်း အထည်ချုပ်လုပ်ငန်းလုပ်ကိုင်နေသူများထံမှ သိရသည်။
၂၀၂၁ ခုနှစ်အတွင်းဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးအခြေအနေများကြောင့် တချိုသော ဥရောပကုမ္ပဏီကြီးများ အော်ဒါမှာယူမှုရပ်သွားသည့် မြန်မာနိုင်ငံ၏ အထည်ချုပ်ကဏ္ဍသို့ လက်ရှိတွင် ဥရောပနိုင်ငံများမှပင် အလတ်စားနှင့် အသေးစားကုမ္ပဏီများ၏ အော်ဒါမှာယူမှု ပြန်လည်မြင့်တက်နေကြောင်း သိရသည်။