၂၃.၁၁.၂၀၂၄
Written by K Pyay Thein
ရန်ကုန် – ထားဝယ်ကားလမ်းပေါ်မှာရှိတဲ့ မလွှဲတောင်နဲ့ ရေးမြို့ကြားက တံတားတစ်စင်း နိုဝင်ဘာ ၂၂ ရက်၊ ည ၁၁ နာရီအချိန်ခန့်က အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တစ်ခုရဲ့ မိုင်းခွဲဖျက်ဆီးခြင်းကို ခံခဲ့ရတယ်လို့ သိရပါတယ်။
လက်ရှိမှာ တံတားပြန်လည်ပြုပြင်ရေးလုပ်ငန်းတွေကို သက်ဆိုင်ရာက ဆောင်ရွက်နေပြီး သွားလာမှုအခက်အခဲမရှိစေရေးအတွက် ၁၃ တန်အောက် ယာဉ်ငယ်တွေကိုဖြတ်သန်းခွင့်ပြုထားတယ်လို့ ဆိုပါတယ်။
“မနေ့ည ၁၁ နာရီလောက်မှာဖြစ်တာပေါ့။ မိုင်းခွဲခံရတာပါ။ တံတားပေါ်က ကတ္တရာတွေ အကုန်ကြွသွားတယ်။ တံတားပေါ်က လမ်းပျက်သွားတာပေါ့။ အခု အဲ့ဘေးလမ်းနေရာလွတ်ကနေ ၁၃ တန်ကားတွေကို ပေးဖြတ်နေတယ်။ ကုန်ကားကြီးတွေ ဝိတ်ပါတဲ့ကားတွေကတော့ ဖြတ်လို့မရသေးဘူး။ စောင့်နေရသေးတယ်။ တံတားကြံ့ခိုင်မှုအားနည်းနေလို့ ပေးမဖြတ်သေးဘူး။ ခရီးသည်တင် Express တွေကတော့ ခရီးသည်တွေလမ်းဆင်းလျှောက် ကားကြီးပဲဖြတ်ခွင့်ပြုနေတယ်။ အခုတံတားအောက်ကနေလည်း ရှောင်ကွင်းလမ်းလုပ်နေသလို တံတားပြန်ပြင်ဖို့လည်း လုပ်နေတာတွေ့ရပါတယ်”လို့ ရေးမြို့နယ်အတွင်းက လူမှုကူညီရေးသမားတစ်ဦးက MT News ကို ပြောပြပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်တွေအရ လက်ရှိ ထားဝယ်-ရေး ကားလမ်းပေါ်မှာတိုက်ပွဲတွေဖြစ်ပွားနေပြီး SAC တပ်တွေနဲ့ လက်နက်ကိုင်အဖွဲ့တွေကြား စစ်ရေးတင်းမာနေတယ်လို့လည်း သိရပါတယ်။
“အခု ဒီဘက်တွေ အခြေအနေ သိပ်မကောင်းဘူးလို့ပြောရင်ရတယ်။ ဒီနေ့မနက်ကပဲ ရေးမြို့အပြင်က ဘီလူးတောင်ရွာမှာရှိတဲ့ အုပ်ချုပ်ရေးမှူးတစ်ဦးကို လက်နက်ကိုင်လူတစ်စုက လာပစ်သွားတယ်ကြားတယ်။ အခုအဲ့ကိစ္စတွေရော၊ တံတားကိစ္စတွေရော နယ်မြေအခြေအနေတွေက အဲ့လိုဖြစ်နေတယ်”လို့ ရေးမြို့ဒေသခံတစ်ဦးက ဆက်ပြီး ပြောပြခဲ့ပါတယ်။
အခုမိုင်းခွဲခံရတဲ့ တံတားဟာ ရေးမြို့နယ်၊ ကိုးမိုင်ရွာမှာရှိတဲ့ ကိုးမိုင်တံတားဖြစ်ပြီး ယမန်နေ့ ညသန်းခေါင် ၁၁ နာရီလောက်မှာ မိုင်းခွဲခံရတာဖြစ်တယ်လို့ သိရပါတယ်။ တံတားမိုင်းခွဲခံရမှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေရှိတယ်လို့ သိရသော်လည်း မြေပြင်မှာတော့အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
“ဒဏ်ရာရတဲ့သူတွေ ရှိနေတယ်လို့လည်းကြားရတယ်။ ဘယ်မှာဒဏ်ရာရလဲတော့ မသိဘူးပေါ့။ တံတားမိုင်းခွဲခံရတာ ညဘက်ကြီးဆိုတော့ တံတားနားမှာဘယ်သူမှမရှိဘူးဆိုပေမယ့် ဒဏ်ရာရတဲ့သူတွေရှိတယ်လို့တော့ ပြောပါတယ်။ အခု မြို့အဝင်၊ အထွက်တွေကိုတော့ တပ်ကတင်းတင်းကြပ်ကြပ်လေးစစ်နေတယ်”လို့ ရေးမြို့ခံ လူမှုကူညီရေးသမားတစ်ဦးက ထပ်လောင်းပြောပြခဲ့ပါတယ်။
Photo – CJ