၆. ၁. ၂၀၂၃
Written by Ye Kyaw
Yangon Water Bus မှာ သမ္ဗန်စက်လှေငယ်များကဲ့သို့ မပြေးဆွဲနိုင်သဖြင့် လက်ရှိတွင် ခရီးသည်ရရှိမှုနည်းပါးနေပြီး ညနေခင်း Sunset ခရီးစဥ်သာ အဓိကပြေးဆွဲနေရကြောင်း သိရသည်။
“စက်လှေ(သမ္ဗန်) ပဲ လိုက်ကြတာများတာကိုး။ စက်လှေက လေး၊ ငါး၊ ရှစ်ယောက် တစ်သုတ် ခဏလေးရယ် ပြည့်သွားတာ။ ဒီကောင်ကတော့ စောင့်ပြီးတော့ဆွဲတော့ တော်တော်များက မလိုက်ကြဘူး” ဟု လမ်းသစ်ဆိပ်ကမ်း (မော်တင်ဆိပ်ကမ်း)မှ Yangon Water Bus တာဝန်ရှိသူတစ်ဦးက ဆိုသည်။
Yangon Water Bus အနေဖြင့် လက်ရှိတွင် တွံ့တေးခရီးစဥ်များကို ရပ်နားထားပြီး ညနေခင်း Sunset ခရီးစဥ်ကိုသာ အဓိကပြေးဆွဲနေရခြင်းဖြစ်သည်။
“အရင်တုန်းက တွံ့တေးရော ပြေးဆွဲတယ်။ တွံ့တေးက အခုမပြေးပြန်ဘူး။ နောက်မှ ပြန်ပြေးဆွဲရင်တော့ မသိဘူး။ Sunset က တစ်ယောက်ကို ၃၀၀၀ ပဲယူတာ။ ကြာချိန်က ၁ နာရီ ၁၅ မိနစ်နဲ့ ၁ နာရီခွဲပေါ့။ မြစ်သုံးဆိုင်နား ရန်ကုန်မြစ်ဝပေါ့။ အဲဒီမှာ ဖြည်းဖြည်းလေးမောင်းပေးတာ” ဟု ၎င်းက ဆိုသည်။
Sunset ခရီးစဥ်ကို အပတ်စဥ် စနေနှင့် တနင်္ဂနွေနေ့များတွင် ပြေးဆွဲပေးလျက်ရှိပြီး ညနေ ၅ နာရီမှ လမ်းသစ်ဆိပ်ကမ်း (မော်တင်ဆိပ်ကမ်း)မှ ထွက်ခွာကာ လူကြီးတစ်ဦး ၅၀၀၀ ကျပ်နှင့် ကလေးတစ်ဦး (၁၂ နှစ်အောက်) ၂၀၀၀ ကျပ် ဖြစ်ကြောင်း Yangon Water Bus က ကြေညာထားသည်။
ကိုဗစ်ကပ်ရောဂါနှင့် နိုင်ငံရေးအခြေအနေများကြောင့် Yangon Water Bus ပြေးဆွဲခြင်းကို နှစ်နှစ်ကျော်ကြာ ရပ်နားခဲ့ပြီး ပြီးခဲ့သည့် အောက်တိုဘာ ၆ ရက်မှ ပြန်လည်ပြေးဆွဲခဲ့ခြင်းဖြစ်သည်။