◾ ရက်ပေါင်း ၁,၀၀၀ ကြာ ယူကရိန်းစစ်ပွဲ ပို၍အရှိန်မြင့်လာဖွယ်ရှိနေ
၁၉.၁၁. ၂၀၂၄
Translated by Htwe Ko Tun
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ ရက်ပေါင်း ၁,၀၀၀ ကြာပြီဖြစ်တဲ့ ယူကရိန်းစစ်ပွဲကို အရှိန်မြှင့်ဖို့ကြိုးစားနေတယ်လို့ ရုရှားအစိုးရက နိုဝင်ဘာလ ၁၈ ရက်မှာ ပြောခဲ့ပြီး ယူကရိန်းအနေနဲ့ အမေရိကန်ထောက်ပံ့ထားတဲ့ တာဝေးပစ်ဒုံးကျည်တွေနဲ့သာ ရုရှားနိုင်ငံအတွင်းပိုင်းပစ်မှတ်တွေကို တိုက်ခိုက်လာရင် သိသိသာသာကြီးတုံ့ပြန်သွားမယ်လို့ ကတိပြုသွားခဲ့ပါတယ်။
လာမယ့် ဇန်နဝါရီလမှာ ဒေါ်နယ်ထရန့်ထံ သမ္မတတာဝန်လွှဲပေးရတော့မယ့် ဂျိုးဘိုင်ဒန်က ဂျီ -၂၀(G-20) ထိပ်သီးဆွေးနွေးပွဲတစ်ခုမှာ ယူကရိန်းရဲ့ အချုပ်အခြာအာဏာကိုလေးစားဖို့အတွက် ရုရှားနိုင်ငံခြားရေးဝန်ကြီးကို ပြောခဲ့ပါသေးတယ်။ ဒါပေမယ့် ဂျိုးဘိုင်ဒန်ဟာ ယူကရိန်းကို အမေရိကန်က စစ်ရေးထောက်ပံ့နေမှုနဲ့ ပတ်သက်လို့ အယုံအကြည်ကင်းမဲ့မှုကိုတော့ ခံနေရပါတယ်။
ဂျီ-၂၀ ခေါင်းဆောင်တွေက သူတို့ဟာ ယူကရိန်းမှာ ပြည့်စုံမျှတပြီး တည်တံ့မယ့်ငြိမ်းချမ်းရေး ပေါ်ထွန်းဖို့အတွက် အပြု သဘောဆောင်ရွက်မှုတွေကို ကြိုဆိုတယ်လို့ နိုဝင်ဘာလ ၁၈ ရက်ကပြောခဲ့ကြပါသေးတယ်။
ဂျိုးဘိုင်ဒန်က ယူကရိန်းကိုထောက်ပံ့ပေးထားတဲ့ ATACMS ခေါ်တဲ့ ကီလိုမီတာ ၃၀၀(မိုင် ၁၉၀ ခန့်) ရောက်နိုင်တဲ့ တာဝေးပစ်ဒုံးကျည်လက်နက်တွေကို ပစ်ခတ်အသုံးပြုခွင့်ပေးခဲ့ပြီလို့ အမေရိကန်အရာရှိတွေကလည်းပြောခဲ့ပါတယ်။ ဒါကြောင့် ယူကရိန်းအနေနဲ့ ရုရှားနိုင်ငံအတွင်းရှိပစ်မှတ်တွေကို အမေရိကန် ထောက်ပံ့တဲ့ တာဝေးပစ်ဒုံးကျည်လက်နက်တွေနဲ့ တိုက်ခိုက်နိုင်တော့မှာပါ။
အခုအခါမှာ ယူကရိန်းတပ်ဖွဲ့တွေက ရုရှားနိုင်ငံတောင်ပိုင်းမှာ ကာစ်ခ်ဒေသအတွင်း စတုရန်း ကီလိုမီတာ ၁,၀၀၀ လောက်ရှိတဲ့နယ်မြေကို သိမ်းထားတာပါ။ ဒီနယ်မြေကို ရုရှားနဲ့ မြောက်ကိုရီးယား ပူးပေါင်းတပ်ဖွဲ့တွေက တန်ပြန်ထိုးစစ် ပြန်လည်စတင်လာမယ်လို့ ယူဆထားရပါတယ်။ ဒါဆိုရင် ယူကရိန်းက အမေရိကန်ရဲ့ ATACMS တာဝေးပစ်ဒုံးကျည်တွေနဲ့ ရုရှားနိုင်ငံအတွင်းပိုင်းရှိ စစ်အခြေစိုက်စခန်းတွေ၊ လက်နက်သိုလှောင်ရုံတွေနဲ့ အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်ခြင်းဖြင့် ကာကွယ်နိုင်မှာပါ။ ဒါကြောင့်လည်း ယူကရိန်းသမ္မတ ဇယ်လန်စကီးက ATACMS တာဝေးပစ်ဒုံးကျည်တွေအသုံးပြုခွင့်ကို အမေရိကန်ထံက တောင်းဆိုနေတာ လနဲ့ချီခဲ့ပါပြီ။
အခုတော့ အမေရိကန်ကလည်း ဒီဒုံးပျံတွေ အသုံးပြုခွင့်ပေးခဲ့ပြီဆို ရုရှားကလည်း သိသိသာသာ တုံ့ပြန်ရမယ်ဆိုတာကြောင့် ယူကရိန်းစစ်ပွဲက ပိုလို့ အရှိန်မြင့်လာမယ်လို့ ယူဆရပါတယ်။
Ref- NDTV