၁၉. ၁၁. ၂၀၂၄
Written by Nay Moe
လက်နက်မဲ့လူတစ်ဦးကို ပြည်သူ့စစ်သင်တန်းဆင်းဟု စွပ်စွဲကာ PDF နှစ်ဖွဲ့ပေါင်းပြီး သတ်ဖြတ်လိုက်သည်ဟု ကျူးလွန်သည့် NUG လက်အောက်ခံ PDF နှစ်ဖွဲ့က ယခု ဝန်ခံချက်ထုတ်သည်။
ကျူးလွန်မှုဖြစ်စဥ်မှာ ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ညောင်ဝန်းအုပ်စု၊ ပေါ်လံကြီးကျေးရွာနေ ဦးအောင်ဌေးဆိုသူကို နိုဝင်ဘာ ၁၇ ရက် ညနေ ၃ နာရီခွဲအချိန်ခန့်တွင် ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ တပ်ရင်း၊ တပ်ခွဲ(၄)နှင့် ၃၆ဝ၂ တပ်ရင်း၊ တပ်ခွဲ(၃)တို့မှအတူပူးပေါင်းပြီး ဦးအောင်ဌေးနေအိမ်သို့ သွားရောက်ပစ်ခတ် သတ်ဖြတ်ရာ ဝမ်းဗိုက်ထိမှန်ပြီး နေရာတင်ပွဲခြင်း ပြီး သေဆုံးသွားခဲ့သည်ဟု သိရသည်။
ဦးအောင်ဌေးမှာ ပျူစောထီး(ပြည်သူ့စစ်) အပတ်စဥ် (၁) ဆင်းသူဖြစ်ကြောင်း၊ ချင်းလည်စစ်ဆေးရေးဂိတ်တွင် စစ်ဆေးချိန် ဒေသခံပြည်သူများ ဝယ်ယူလာသောကုန်ပစ္စည်းများကို မထင်ရင်မထင်သလို ဆဲဆိုရမ်းကားစွာစစ်ဆေးကြောင်း၊ စစ်မှုထမ်းစုဆောင်းပေးကြောင်း၊ PDF ထောက်ပို့များ၏ သတင်းအချက်အလက်များကို ပေးပို့နေသူဖြစ်ကြောင်း စသည်ဖြင့် စွပ်စွဲထားသော်လည်း ကျူးလွန်သည့် PDF များက ဦးအောင်ဌေး ပြည်သူ့စစ်ဖြစ်ကြောင်း၊ လက်နက်တွေ့ရှိကြောင်း ဖော်ပြထားနိုင်ခြင်းမရှိသလို ထိုစွပ်စွဲချက်များ မှန် မမှန် MT News ကလည်း မြေပြင်အတည်မပြုနိုင်ဘဲ NUG လက်အောက်ခံ PDF များ၏ ကျူးလွန်မှုကိုသာ ယင်းတို့ထုတ်ပြန်ချက်အရ အတည်ပြုဖော်ပြခြင်းသာဖြစ်သည်။